Contact Form

Name

Email *

Message *

 

Tuesday, June 10, 2008

စိတ်ဓာတ်တော်လှန်ရေးမှသည် စစ်တပ်တော်လှန်ရေးသို


9th June
ယနေ့အချိန်မှာ တော်လှန်ရေးဆိုသည့် အသုံးအနှုန်းသည် နေရာအနံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရသော စကားသံဖြစ်ပါသည်။ အထူးသဖြင့် မငြိမ်းချမ်းသေးသည့် ဒေသ နိုင်ငံများ တိုင်းတပါး၏ လွှမ်းမိုးမှုမှ မလွတ်မြောက်သေးသည့်နိုင်ငံများ မတရားဖိနှိပ်မှုကို ခံစားနေကြရသော အရပ်ဒေသများဖြစ်ပါသည်။ ယခုကဲ့ ဖြစ်ရခြင်းမှာလည်း မတရား ဖိနှိပ်ခံရမှုမှ သည်းမခံနိုင်တော့သည့် အဆုံးတွင် ရင်ထဲ မကျေနပ်မှုမှ ပေါ်ထွက်လာသော ပေါက်ကွဲသံဖြစ်ပါသည်။
ဤဆောင်းပါး၌ စာရေးသူအနေဖြင့် စစ်တပ်တော်လှန်ရေးဟု နိဒါန်းတည်ထားခဲ့ပါသည်၊ သို့သော်လည်း စစ်တပ်ဟာ တော်လှန်ပြစ်ရမည့်အရာလား ဟုမေးစရာဖြစ်လာပါသည်၊ နိုင်ငံတစ်နိုင်ငံ အတွက် စစ်တပ် သိုမဟုတ် ပြည်သူ့တပ်မတော်ဟာ နိုင်ငံသားများ၏ ရန်သူ မဟုတ်သလို တော်လှန် ရမည့် အရာလည်းမဟုတ်ပါချေ၊ နိုင်ငံတိုင်းတွင် စစ်တပ်ဆိုသည်မှာ နိုင်ငံသားတို့၏ အိုးအိမ် စည်းစိမ်ဥစ္စာနှင့် အသက်အန္တရာယ်ကို ကာကွယ်ဖို့ရန်အတွက် မရှိမဖြစ်လိုအပ်သော နိုင်ငံ၏ အင်္ဂါရပ်တခုလည်း ဖြစ်ပါသည်၊ သို့သော်လည်း ဤနေရာမှာ စာရေးသူ အသုံးပြုထားသော ပြည်သူ့တပ်မတော်ဆိုတဲ့ အသုံးအနှုန်းကိုတော့ သတိထားဖို့ လိုအပ်ပါလိမ့်မည်။

တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲ့တပ်မတော်ကို ပြည်သူကိုအလုပ်ကျွေးပြုဖို့ တိုင်းပြည်ရဲ့ ၀န်ကို ထမ်းဆောင်ဖို့ တည်ထောင်ခဲ့တာပါ။ တိုင်းပြည်နဲ့လူမျိုးကို ၀န်ထုပ်ဝန်ပိုးဖြစ်စေဖို့ တည်ထောင်ထားခဲ့တာမဟုတ်ပါဘူး။ အဲဒီလို မူလရည်မှန်ချက် လမ်းစဉ်က သွေဖယ်ပြီး တိုင်းပြည်နဲ့လူမျိုး အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကိုယ်ကျိုးရှာ စစ်တပ်မျိုးဆိုရင်တော့ တော်လှန်ပြစ်ရမဲ့ စစ်တပ်မျိုးဖြစ်သွားမှာပါ။ သိုသော်လည်း စစ်တပ်ထဲမှာ ဗိုလ်ချုပ် မျှော်လင့်ခဲ့သကဲ့သို့ စစ်သားကောင်းတွေလည်း များစွာမှရှိနေလိမ့်အုံးမည်ကတော့ ယုံမှားစရာမရှိပါ။ အခြေအနေနဲ့ အချိန်အခါအရ ကိုယ်ကျိုးရှာ လက်တစ်ဆုပ်စာ အုပ်စုတစ်စုရဲ့ လက်ထဲမှာ မီးခဲပြာဖုံးဖြစ်နေကြရရှာတာပါ။ အာဏာယစ်မူးပြီး အာဏာကိုမှ ဖက်တွယ်နေကြတဲ့ လက်တစ်ဆုပ်စာ အာဏာရူးတွေကြောင့် ဗိုလ်ချုပ်တည်ထောင်ထားခဲ့သော မြန်မာ့တပ်မတော်ကြီးမှာ ပြည်သူအများရဲ့တံထွေးခွက်ထဲ မျောနေကြရရှာပါပြီ။ တချိန်က ပြည်သူချစ်တဲ့ မြန်မာ့တပ်မတော်ကြီးဟာ အာဏာရူး အုပ်စုတစ်စုရဲ့ အသုံးချခံရမှုကြောင့် ပြည်သူအတွက် အော့နှလုံးနာစရာ ဖြစ်လာခဲ့ပါပြီ။ ပြည်သူအများစုကြီးမှာလည်း နှစ်ပေါင်းများစွာ အုပ်စိုးလာခဲ့သော စစ်အုပ်စုရဲ့ စနစ်ဆိုးမွေကြောင့် ပြည်သူတွေပါ စိတ်ဓာတ်ရေးရာပျက်ပြားပြီး ယခုဆိုလျှင် ပြည်သူတွေ အချင်းချင်းပင် ရိုက်သတ်တဲ့ အဆင့်ထိ ရောက်အောင်တွန်းပို့ခဲ့ပါပြီ။ ဒါကြောင့် တကယ်တော်လှန်ပြစ်ရမဲ့ စစ်တပ်ဆိုသည်မှာ တိုင်းပြည်ကိုစနစ်ဆိုးမွေများ ရိုက်သွင်းပေးသော စစ်တပ်မျိုးကိုဆိုလိုတာပါ။

လူရယ်လို့ဖြစ်လာပါက တစ်ပါးသူရဲ့ လမ်းလွဲသို့ တွန်းပို့မှု မခံရလေအောင် လူဂုဏ်ပုဒ်နှင့်အညီ ကိုယ်ပိုင်အသိဉာဏ်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိဖို့လိုပါသည်။ ယနေ့ မြန်မာပြည်သူအများစုကို မေးလိုက်ပါက ၉၀% ရာနှုန်းဟာ နအဖ စစ်အုပ်စုကို မနှစ်မြို့
သူတွေဖြစ်တယ်ဆိုတာကိုသိနိုင်ပါသည်။ ဒါပေမဲ့ တကယ်ဘဲ မကြိုက်ကြသူတွေ ဟုတ်ကြပါရဲ့လားဟု မေးရပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် နအဖ စစ်အုပ်စုကို ရှေ့  တန်းက မားမားမတ်မတ် ရင်ဆိုင်တိုက်ခိုက်မည် ဟု ကြွေးကြော်နေကြသူများပင် နအဖ ၏ စနစ်ဆိုးတွေကို လက်တွေ့ကျင့်သုံးနေကြခြင်းကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ထိုသူတွေဟာ ပုဂ္ဂိုလ်ရေးအရ လူကိုသာမကြိုက်တာပါ၊ မူကိုတော့ ကြိုက်ကြသူများဖြစ်ပါသည်။ ဒီလိုဆိုပါက နအဖစစ်အုပ်စုကို မထောက်ခံဟု ဆိုသောစကားသည် အဘယ်ကဲ့သို့ နားလည်ရပါမည်နည်း။ စနစ်ဆိုးကို လွန်မြောက်ဖို့ဆိုလျှင် စနစ်ဆိုးကိုချမှတ်သူနှင့် မူကိုပါတော်လှန်ပြစ်ဖို့လိုပါလိမ့်မည်။ နှစ်ပေါင်းများစွာ တိုင်းပြည်ကို ခြယ်လှယ်လာခဲ့တဲ့ နအဖ စစ်အုပ်စုကို တော်လှန်ဖို့ဆိုလျှင် အဖိနှိပ်ခံ ပြည်သူအချင်းချင်း ညီညွတ်ကြဖို့ရန်မှာ အထူးအရေးကြီးသော အချက်ပင်ဖြစ်ပါသည်။ ၄င်းညီညွတ်ရေးဆိုသည့် စကားကို အဖွဲ့အစည်းတိုင်းက လက်မလွတ်တန်း အသုံးပြုနေကြတာကိုလည်း နားနဲ့မဆန့်အောင် ကြားနေကြရပါသည်။ ညီညွတ်မှ အောင်မြင်နိုင်မည့် ကိစ္စတွင် ညီညွတ်ရေးဆိုသည့် စကားမျှဟာ အဓိက ပန်းတိုင်မဟုတ်ပါ။ ညီညွတ်ရေးလမ်းစဉ်အတိုင်း လျှောက်လှမ်းမှသာလျှင် ကိစ္စပြီးမြောက်ခြင်းဆိုသည့် ပန်းတိုင်ကိုရောက်မည်ဖြစ်သည်၊ သို့သော်လည်း အဖွဲ့အစည်းတော်တော်များများထဲက လူအများစုဟာ ညီညွတ်ရေးဆိုသည့် စကားကို တွင်တွင်သုံးပြီး ညီညွတ်ရေးလမ်းစဉ်များမှ လမ်းကြောင်းလွဲနေကြသည်တို့ကို တွေ့မြင်နေကြရမည်ဖြစ်သည်။ တနည်းအားဖြင့်ဆိုရလျှင် မပြောပလောက်သည့် စွဲမက်စရာလေးတွေ ဆွဲဆောင်ဖြားယောင်းမှုတွေကြောင့် ရန်သူအစစ်ကိုပြစ်မှတ်ထား သူများမဟုတ်ဘဲ ရန်သူ၏ ပြစ်မှတ်ထဲ ရောက်နေကြသူများသာဖြစ်သည်။ နအဖ စစ်အုပ်စုကို သားကောင်အဖြစ်လိုက်ရင်းမှ မိမိက သားကောင်ဖြစ်သွားကြလေသည်။
တစ်ချိန်က အလွန်တရာမှ စည်းလုံးညီညွတ်ပြီး စည်ပင်ဝပြောခဲ့သည့် ဝေသာလီ ပြည်ကို ဖျက်ဆီးပြစ်ခဲ့တာကတော့ ရာဇဂြိုဟ်ပြည်က အဇာတသတ်ရဲ့ လူယုံတော်ကြီး ၀ဿာကာရအမတ်ကြီး၏ မိထုဘေဒ= အချင်းချင်းညီညွတ်နေသည်ကို စိတ်ဝမ်းကွဲစေတတ်သည့် နည်းပင်ဖြစ်ပါသည်။ ၄င်းမိထုဘေဒနည်းကို ယခုလက်ရှိအချိန်မှာ စစ်အာဏာရှင်တို့ကလည်း လက်တွေ့ကျင့်သုံးနေဆဲပင်ဖြစ်ပါသည်။ ထိုနည်းတူစွာပင် စစ်တပ်ကို တော်လှန်လိုပါသည်ဆိုသည့် သူများကလည်း မိမိတို့ အဖိနှိပ်ခံအချင်းချင်း ၄င်းလမ်းစဉ်အတိုင်း လိုက်နေကြပြန်လေတော့ မိမိတို့အချင်းချင်း အဘယ်ကဲ့သို့သော ညီညွတ်မှုမျိုး ကိုရရှိကြပါမည်နည်း။
ပုဂ္ဂိုလ်တစ်ဦးနှင့် တဦး စိတ်ဝမ်းကွဲစေတတ်သည့် အချက်တစ်ခုကတော့ အတ္တုက္ကံသန ဟုခေါ်သည့် မိမိ သို့မဟုတ် မိမိအဖွဲ့အစည်းကိုသာ အကောင်းမြင်တတ်ပြီး ပရ၀မ္ဘန ဟုခေါ်သည့် သူတစ်ပါး၏ အပြစ်အနာအဆာကိုအမြဲ ရှုတတ် ရှုပ်ချတတ်ခြင်း ဖြစ်ပါသည်။ ဒါကြောင့် “လူတွေဟာ လလိုဘ”ဲ ဟု အချို့ပညာရှင်များက ပြောဆိုလေ့ရှိသည်။ လဟာ မြင်သာသည့်အခြမ်းကိုသာပြပြီး မှောင်နေသည့်ဘက်ခြမ်းကိုတော့ ၀ှက်ထားလေ့ရှိသည်။ လူတို့၏ စရိုက်မှာလည်း မိမိ၏ကောင်းကွက်လေးကိုသာ ပြလေ့ ဂုဏ်ရောင် တင်လေ့ရှိတတ်ကြပြီး မိမိ၏မကောင်းမှုများကြတော့ လျှိုဝှက်လေ့ရှိတတ်ကြသည်။
တစ်ပါးသူ၏အပြစ်ကို အမြဲရှာလေ့ရှိပြီး မိမိဂုဏ်ကို အမြဲထုတ်ဖော်လေ့ရှိခြင်းမှာလည်း လူအဖွဲ့အစည်းအတွင်း ချိန်ခွင်ရှာမညီမျှမှုကို ဖန်တီးစေသည်။ ယခုကဲ့သို့ ညီညွတ်ခြင်း၏ အန္တရာယ်များဖြစ်သည့် စိတ်ယုတ်မာများကို ဦးစွာတော်လှန်မှသာလျှင် ညီညွတ်မှုကိုရမည်။ ညီညွတ်မှသာလျှင် စစ်တပ် သို့မဟုတ် စစ်တပ်၏ စနစ်ဆိုးတို့ကို တော်လှန်နိုင်မည်ဖြစ်သည်၊
လူအဖွဲ့အစည်းများအတွင်း အဖြစ်များလေ့ရှိသည့် စိတ်ဝမ်းကွဲစေတတ်သော ညီညွတ်မှုကိုပြက်ပြားစေတတ်သော အချုက်တစ်ချက်ကတော့ မစ္ဆရိယ=သ၀န်တိုခြင်း ပင်ဖြစ်ပါသည်။ စာပေများတွင် ၄င်းမစ္ဆရိယကို ငါးမျိုးခွဲပြလေ့ရှိပါသည်။
(၁) အာဝါသမစ္ဆရိယ- မိမိနေထို်င်ရာ အဆောက်အုံးတွေမှာ သူတပါးတွေ သွားလာ နေထိုင်တာကိုမနှစ်မြို့ခြင်း၊
(၂) ကုလမစ္ဆရိယ- မိမိ၏အပေါင်းဖော် ဆွေမျိုးတွေကို တစ်ပါးသူတွေနှင့် ရင်းနှီး အကျွန်းဝင်မည်ကို မလိုလားခြင်း။
(၃) လာဘမစ္ဆရိယ- ပစ္စည်းဥစ္စာ လာဘ်လာဘအပေါ်မှာ တစ်ပါးသူနှင့် မဆက်စပ်စေလိုခြင်း။
(၄) ၀ဏ္ဏမစ္ဆရိယ- မိမိထက် ရုပ်ရည်အဆင်းလှတာ မိမိထက် ကောင်းသောဂုဏ်တို့ဖြင့် ကျော်ဇောတာကို မလိုလားခြင်း။
(၅) ဓမ္မမစ္ဆရိယ- မိမိတတ်ထားသည့် အတတ်ပညာ သိထားသည့် အကြောင်းအရာတို့ကို တစ်ပါးသူတွေ မသိစေလိုခြင်း။
သူတစ်ပါး မသိစေခြင်သည်ကိုမှ သိခြင်တတ်သည်မှာ လူ၏ဓမ္မတာပင်မဟုတ်ပါလော။ တခါတရံမှာ ၄င်းဓမ္မမစ္ဆရိယမှ မိထုဘေဒနည်းသို့ ကူးပြောင်းသွားတတ်ပြီး စည်းလုံးညီညွတ်မှုကို ခြိမ်ခြောက်တတ်လေသည်။
ကနဦးတွင်တင်ပြခဲ့သည့် ၀ဿာကာရ အမတ်ကြီးသည် ဝေသာလီပြည်မှ လိစ္ဆ၀ီမင်းသားလေးများကို တစ်ယောက်ချင်းခေါ်ပြီး “မင်းအဖေ နေကောင်းလား ၊ ဒီနေ့ ဘာဟင်းနဲ့စားခဲ့သလဲ ” စသည်ဖြင့် နှစ်ကိုယ်ကြား ခေါ်မေးလေ့ရှိပါသည်။ အခြားမင်းသားလေး တစ်ယောက်ကမြင်သည့်အခါ “ဆရာက မင်းကို ဘာတွေမေးနေတာလဲ ” ဟု မေးတော့ ၀ဿာကာရ အမတ်ကြီး မေးသည့် အမေးအတိုင်း ပြန်လည်ဖြေကြားသော်လည်း မယုံနိုင်တော့ခြေ။ ဒီလိုမေးခွန်းမျိုးကို လူဘုံအလည်မှာ မေးရင်လည်းရတာပါဘဲ ဆိုသည့်အသံမျိုးတွေဖြစ်လာပါတော့သည်။
အဆိုပါ အပြုအမူနှင့် လူငယ်ချင်းဖြစ်သည့်ပြဿနာမှာ အသေးအဖွဲပါဟု မဆိုနိုင်ပါချေ၊ ကလေးအချင်းချင်း နားလည်မှုလွဲပြီး စိတ်ဝမ်ကွဲကြရာမှ စခဲ့သည့် ပြဿနာမှာ မိဘများထံ ကူးစက်ပြီး နောက်ဆုံး ဝေသာလီပြည်ကြီး ပျက်စီးရသည်အထိ ဆိုက်ရောက်ခဲ့ရပါတော့သည်။
ထို့ကြောင့် မည်သည့်ကိစ္စမျိုးကိုဆောင်ရွက်ကြသည်ဖြစ်စေ လူအဖွဲ့အစည်းဖြင့် ဆောင်ရွက်ကြသည့်အခါမျိုးတွင် ကိစ္စပြီးမြောက်အောင်မြင်ရေးအတွက် ကိုယ်ရောစိတ်ပါ ညီညွတ်ရေးသည် အထူးအရေးကြီးလှပေသည်။ ညီညွတ်မှပြီးမြောက်မည့် ကိစ္စများတွင် ညီညွတ်ရေးဟု အော်နေကာမျှဖြင့် ကိစ္စတွေဟာမပြီးမြောက်နိုင်ဘဲ ညီညွတ်ရေး၏ လမ်းကြောင်းအတိုင်း လိုက်နာဖို့အရေးကြီးသည်။ ၄င်းညီညွတ်ရေးလမ်းစဉ်ကို လိုက်ဖို့ရန် အထက်ဖော်ပြပါ အခြေခံ စိတ်ယုတ်မာများကို မိမိတို့ကိုယ်တွင်းမှ ဦးစွာတော်လှန်ပြစ်ဖို့ လိုအပ်ပါလိမ့်မည်။ အဆိုပါစိတ်ဓာတ် စိတ်ယုတ်မာများကို ပဌမတော်လှန်နိုင်မှ လူဘောင် လူအဖွဲ့အစည်းကြီးသည် ညီညွတ်မှုကို ရရှိနိုင်မည်ဖြစ်သည်။ ထိုလူဘောင် လူအဖွဲ့အစည်း ညီညွတ်ပါမှ ကြာမြင့်စွာ အမြစ်တွယ်နေပြီဖြစ်သော စစ်တပ် စစ်အာဏာရှင်စနစ်ဆိုးကြီးကို တော်လှန်နိုင်ကြမည်ဖြစ်သည်။

အရှင်ဥက္ကဋ္ဌ (MSMA)


No comments:

Popular Posts