Contact Form

Name

Email *

Message *

 

Tuesday, June 10, 2008

"အိပ်မနေနဲ့သူငယ်ချင်"


"အိပ်မနေနဲ့သူငယ်ချင်"
ငါတို့ဗမာပြည်
အာဏာရူးကြီးများ
ဖြက်ဆီးလို့နေပြီ
ဒါကိုမင်းလဲ အသိ
ငါလည်း အသိ
ကမ္ဘာကတောင် သိနေပြီ
ဒို့ အရေး
ဒို့ ကြွေးမှတော်မည်
ဒို့ အလံ
ဒို့ လွှင့်မှ အမျိုးမြင့်တဲ့
ဗမာပြည်လို့
ကမ္ဘာမှာတွင်ခဲ့ပေမည်
ဗမာ့ ရာဇဝင်မရိုင်းရအောင်
အာဏာမှိုင်းထ တဲ့
စစ်ဘီလူးတွေကို
မောင်းထုတ်ဖို့
အိပ်မနေနဲ့ သူငယ်ချင်း ရေ့
ဒေါင်းတစ်အုပ်နဲ့ အတူ
ဒို့ လည်းတိုက်ကြမယ်.....။

ရွာသားလေး

သူငယ်ချင်း


သူငယ်ချင်း...ဆိုတာ
ဟင်းလင်းပြင် နှလုံးသားမှာ
ရင်ခုန်သံ ထပ်တူကျ
ခံစားချက် မျှဝေနေကြသူတွေ
သူငယ်ချင်းဆိုတာ...
ဘာသာလူမျိုးအတ္တမာနနဲ့
အစဉ်အလာကိုဆွဲထုတ်
တွဲလက်တွေမြဲမြဲ ဆုပ်ထားရင်း
ဖြူစင်တဲ့ခွန်အားနဲ့
သံယောဇဉ်ကြိုးကျစ်သူတွေ
သူငယ်ချင်းဆိုတာ...
သဘာဝစစ်သူကြီးကြောင့်
သက္ကရာဇ်တွေကြွေ
ပျိုမြစ်ခြင်းတို့ အကျဉ်းကျ
အင်ပါယာရဲ့မိဖုရားဘ၀ရလည်း
မမေ့ရက်သူတွေ
သူငယ်ချင်းရေ...
အဲ့ဒီယုံကြည်ချက်တွေနဲ့
တူညီတဲ့ရည်မှန်းချက်အတွက်
လွတ်လပ်စွာကွဲပြားရင်း
ကံကြမ္မာလှေကား ထစ်တွေကို
ကြိုက်သလိုခြယ်လှယ်ကြမယ်
ဆုံမှတ်မှာစုဖို့
တိမ်တောက်တဲ့ဆည်းဆာကိုရွေး
ဖုန်တက်နေတဲ့အိမ်မက်ကို
ပြန်ဆေးရင်း
`သူငယ်ချင်း´ ဆိုတဲ့ဝေါဟာရကို
နှလုံးသားနဲ့ဖွဲ့ကြမယ်.....

။။။။သား ရဟန်း မှ အမေသို့ ။။။။

ရန်မဖြစ် စကားမများ
ကျောင်းကို မှန်မှန်တက်
စာကို ကောင်းကောင်းသင်
ပညာရှင်ဖြစ်အောင် သားကျိုးစား
အမေ့ ဆီကိုအရောက်ပြန်
ကိုယ့်ရပ်ရွာမှာ တာဝန်ထမ်း
သားရဟန်းမို့ အမေဆို....၊

ဒါပေမဲ့ အမေ.................
စက်တင်ဘာ ကြမ္မာဆိုးရယ်က
သားအပြန်လမ်းကို ဟန့်တား
သာသနာကိုပါစော်ကား
လူရမ်းကားများရဲ့  ရက်စက်ဟန်
ကမ္ဘာ့အလယ်မှာအံ့မခန်း
သားအပြန်လမ်းက ဘယ်လန်းဆန်းပါ့ မလဲ အမေ၊
သာသနာ့ နယ်ပယ်
ကမ္ဘာ့အလယ်မှာထည်ဝါအောင်
မစွမ်းဆောင်နိုင်ပေမဲ့
သမိုင်းမှာအကြွေးမတင်
ပေးတဲ့တာဝန်ကျေပွန်အောင်ထမ်း
အပြန်လမ်းကို ခဏမေ့
ဘဝတကွေ့ မှာအမေ့ဆီ သားပြန်လာချင်ပေမဲ့..
အမေ...ဝမ်းမနည်းပါနဲ့
ပြည်မြန်မာထည်ဝါတဲ့တနေ့
အမေ နဲ့ သား ပြန်တွေရမှာပါ..အမေ။။
ရှမ်နှောင်း(ရွှေဝါရောင်)



ကြခတ်ဝိုင်း နှင့် ငါတို့ရဲ့ဘ၀ အကြောင်းတစေ့တစောင်း


“လိုက်ဆို ------ ဒါဟာ စာသင်တိုက် ဆေးရုံမဟုတ်ဘူး”
ဒီကာရန်မဲ့ စာပိုဒ်လေးရဲ့ ကလောင်ရှင်ကြီးကတော့ မြန်မာနိုင်ငံက ရက်စက်ကြမ်း ကြုတ်မှု မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နအဖစစ်အုပ်စုနဲ့ ခေတ်ပြိုင် စနစ်ပြိုင်ဖြစ်နေတဲ့ ဗုဒ္ဓသာသနာ့ အာဏာရှင်ကြီးတဆူဖြစ်တဲ့ ပဲခူးမြို့က ကြခတ်ဝိုင်း ဆရာတော်ကြီးဘဲဖြစ်ပါတယ်။ အဲဒီလို ကာရန် မဲ့ စာပိုဒ်တွေကို ညနေခင်း ဘုရားဝတ်ပြုအပြီး ဆရာတော်က ရှေ့ကတိုင်ပေး သံဃာတော်များက နောက်ကလိုက်ဆိုနဲ့ သူရဲ့အကြံပြုချက်တွေကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လိုက်ဆိုပြီး ထောက်ခံ နေခဲ့ကြရတာ နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီဆိုတော့ ယနေ့ ကြံ့ ဖွှံ့အဖွှဲ့က ဦးဆောင် ကျင်းပနေတဲ့ ပြည်သူလူထုထောက်ခံပွဲဆိုတာတွေကတော့ ရိုးသွားခဲ့ပါပြီ။ ရိုးနေတဲ့ ဒီစနစ် ဆိုးကြီးကို ကြံ့ ဖွှံ့အဖွှဲ့က ဆက်လက် အကောင်ထည်ဖော်နေတယ်ဆိုတော့ ကြခတ်ဝိုင်း ဆရာတော်ဟာ ကြံ ဖွှံ့အဖွှဲ့ကြီးရဲ့ အကြံပေးအရာရှိများ ဖြစ်နေရော့သလားဘဲ။

1994 -ခုနှစ်လောက်က ညောင်ရွှေမြို့က ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီး ကြခတ်ဝိုင်းကျောင်းတိုက်ကို ကြွလာတော်မူလို့ သံဃာတော်များက ၀တ္ထုငွေများစုပြီး ကန်တော့ ကြရာ ကန်တော့ပွဲအပြီးမှာတော့ ဆရာတော်ကြီးက စာသင်သားသံဃာတွေကလှူ ဒါန်းတဲ့ အဲဒီ ၀တ္ထုငွေတွေကို သံဃာတော်များအား ပြန်လည်လှူဒါန်းပါ၏ ဆိုပြီး ကြခတ်ဝိုင်း ဆရာတော်ရဲ့ လက်ထဲမှာ အပ်ထားခဲ့တယ်၊ ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီး ပြန်ကြွသွားပြီးလို့ ညနေခင်း ဘုရားဝတ်ပြုပြီးချိန်မှာတော့ ၄င်းဝတ္ထုငွေတွေကို ကျောင်းတိုက်အတွက် အသုံးပြုဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သံဃာတော်များရဲ့ ထောက်ခံမှုကို သာဓုသုံးကြိမ်အခေါ်ခိုင်းပြီး အတည်ပြု သွားပါတော့တယ်၊ အဲဒီနေ့က မြင်ရခဲလှတဲ့ အာဏာရှင်ကြီးရဲ့ အပြုံးမျက်နှာကိုလည်း ပြန်လည် မြင်ယောင်မိပါသေးတော့တယ်။

ကြခတ်ဝိုင်းကျောင်းတိုက်ရဲ့ စည်ကမ်းအရ မနက်ငါးနာရီ ထိုးတာနဲ့ အဆောင်ဘုန်းကြီးတွေ ဦးဆောင်ပြီး မြို့တွင်းကို လမ်းကြောင်းသုံးခုနဲ့ ဆွမ်းခံထွက်ကြရပါတယ်၊ မိုးတွင်းကာလတွေ မှာဆိုရင် ဒူးဆက် ပေါင်လည်လောက်ရှိတဲ့ မိုးထဲရေထဲတွေမှာ နေ့စဉ်နဲ့အမျှ ဆွမ်းခံသွားနေ ကြရတော့ အသွေးအသားနဲ့ ခန္ဓာကိုယ် ကြာကြာဘယ်ဒဏ်ခံနိုင်ပါ့မလဲ၊ ဖျားကြ နာကြသူတွေ တိုးလာတော့တာပေါ့၊ အဲဒီလို ဖျားနာသူတွေ တိုးပွါးလာချိန်မှာ သံဃာတော်အများ ဆရာတော် နောက်ကနေ လိုက်ဆိုနေခဲ့ကြရတာကတော့ အစမှာဖော်ပြခဲ့သလို “ဒါဟာ စာသင်တိုက် ဆေးရုံမဟုတ်ဘူး” စတဲ့ စာပိုဒ်မျိုးတွေဘဲ ဖြစ်ပါတယ်၊ ဖျားနာနေလို့ ကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်မှုနှင့် သက်တောင့် သက်သာ အနားယူရလိမ့်မယ်တော့ မထင်လိုက်ကြပါနဲ့ ၊ သက်ဆိုင်ရာစာချဘုန်းကြီးတွေရဲ့ အထံမှာ အနားယူခွင့် လျှောက်လွှာတင်ကြရပါသေးတယ်၊ လျှောက်လွှာတစ်ခါတင်ရဲ့ သက်တမ်းကတော့ ၇-ရက်မျှသာ ၊ ကျောင်းတိုက်ထဲမှာ ဆေးကျောင်း ဆိုတာတော့ ရှိပါရဲ့ ၊ ဒါပေမဲ့ ဂွမ်းလိပ်ကိုပင် ၀ယ်သုံးရတဲ့ နအဖ ဆေးရုံတွေလိုဘဲ ဆေးကမရှိ လေတော့ ပြင်ပဆေးခန်းတွေကိုဘဲ သွားကြရတာပေါ့၊ အလှူ ခံဌာနကိုကြည့်လိုက်ရင်တော့ ဆေးပဒေသာပင် , ဆွမ်းပဒေသာပင် , မီးပဒေသာပင် , ပညာရေးပဒေသာပင် စတဲ့စတဲ့ ပဒေသာပင်တွေက ကမ္ဘာ့မြေပြင်မှာပေါက်သမျှ သစ်ပင်ရဲ့နာမည်တွေကပင် အရှုံးပေးရမလောက် ပါဘဲ၊ နောက်ဆုံးတော့လည်း အသီးသီးပေမဲ့ သံဃာတော်အများ သုံးဆောင်ခွင့်မရှိတဲ့ တခုတည်း သော ဘဏ်ပဒေသာပင်ကြီးသာ ဖြစ်သွားခဲ့တော့တာပါ၊

တခါမှာတော့ စာရေးသူနေတဲ့ အဆောင်အနီးက ကျောင်းဆောင် တစ်ဆောင်ကဘဲ ကိုရင် တစ်ပါး ကျန်းမာရေးမကောင်းဖြစ်ရာ ဆေးကုစရာဝတ္ထုငွေကမရှိ မိဘတွေကလည်း အင်မတန် ခရီးဝေးကွာလှတဲ့ ရှမ်းပြည်မြောက်ပိုင်း တောရွာ တနေရာက ၊ တနေ့ ကျန်းမာရေးပြန် ကောင်းလာနိုးနိုးနဲ့ မျှော်လင့်နေခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ အသက်ရှူတွေကြပ်လာလို့ သူငယ်ချင်းတွေငွေစုပြီး ပဲခူးဆေးရုံကြီးကိုသွားပြကြတဲ့အခါ အဖြေကနောက်ကြသွားခဲ့ပြီတဲ့လေ ၊ ရောဂါကတော့ အသဲရောင်အသားဝါ ၊ အဲဒီရောဂါနဲ့ဘဲ ဆေးရုံကိုရောက်ပြီးလို့ ၇-ရက်မြောက်နေ့ မှာ ပျံလွန်တော်မူသွားရှာတယ်၊ လူအသက်တစ်ချောင်းကို တန်ဖိုးထားတတ်တဲ့ မေတ္တာ ကရုဏာ ကြီးမားတဲ့ ဆရာသမားတွေရဲ့ အရိပ်အာဝါသကိုများ ခိုလှုံခွင့် ရခဲ့ပါလျှင် အခုလို အကြွေစောခြင်မှ စောပါလိမ့်မယ်၊ အခုတော့လည်း အင်းစိန် အကျဉ်းထောင်စတဲ့ အကျဉ်းထောင်ကြီးတွေက လူတန်ဖိုးနှင့် အကြင်နာ မေတ္တာ ကရုဏာတွေခေါင်းပါးတဲ့ အာဏာရှင်ထောင်မှူးတွေရဲ့ လက်အောက်မှာ ထောင်ဝင်စာ လာတွေ့မယ့်သူ မရှိတဲ့ အကျဉ်းသားတို့ရဲ့ဘ၀လို ကြခတ်ဝိုင်း ဆိုတဲ့ အကျဉ်းထောင်ကြီးထဲက စာသင်သား အကျဉ်းသားတို့ရဲ့ဘ၀ဟာ ပြန်စဉ်းစားမိရင် ရင်နာဖို့တိုင် ကောင်းပါတယ်၊ သံဃာတော်အများစုကတော့ အာဏာရှင် ထောင်မှုးကြီးရဲ့ လျက်လျှူ မှုကြောင့် ယခုလိုဖြစ်သွားရတယ်ဆိုတာကို စိတ်မကောင်းဖြစ်မိရုံမှတပါး ဘာမှမတတ် နိုင်ရှာကြချေ ၊ သွားလေသူ သားကိုရင်ရဲ့ မျက်နှာလေးကို မိဘတွေ နောက်ဆုံးဖူးမျှော်ခွင့်ရအောင် စီစဉ်ပေးလောက်ပါရဲ့လို့ ဘ၀တူသံဃာတော်များက မျှောလင့်နေခဲ့မိကြတယ်၊ သို့သော်လည်း အာဏာရှင်ကြီးရဲ့ နှလုံးသားကတော့ မာလျှက်ပါဘဲ ။ ပျံလွန်တော်မူတဲ့နေ့မှာဘဲ မီးဖိုဆောင်ထဲက ထင်းချောင်းနဲ ကားဂိုဒေါင်ထဲက ဓာတ်ဆီကိုယူပြီး သုဿာန်တစ်ခုမှာ မီးသင်္ဂြိုဟ်လိုက်ပါတော့ တယ်၊ မိမိရဲ့ကျောင်းဆောင်လေးကိုတောင် တခဏတာမျှ ခေါင်းချခွင့်မရရှာလေတော့တဲ့ဘ၀ ၊ ပျံလွန်တော်ပြီး ၇-ရက်မြောက်ရောက်မှ သားကိုရင်ရဲ့ မျက်နှာလေးကို မြင်လိုဇောနှင့် ခရီးကြမ်းကို အပြေးနှင်ရင်းရောက်လာကြတဲ့ မိဘနှစ်ပါး အတွက်ကတော့ သားကိုရင်ရဲ့မျက်နှာလေးကို မမြင်ရတော့ဘဲ စာသင်သားသံဃာတော်များက ၀တ္ထုငွေလေးတွေစုပြီး ကျင်းပတဲ့ ရက်လည်ပွဲ လေးကိုသာ သောကမျက်ရည်ကြားထဲက မှုန်ဝါးစွာနဲ့ဘဲ တွေ့မြင်ခွင့်ရသွားကြပါတော့တယ်၊ သားကိုရင်စားဖို့ ယူဆောင်လာတဲ့ မုန့်ဖက်ထုပ်လေးတွေလည်း အခုတော့ မျက်နှာငယ်သွား ခဲ့ရရှာပြီပေါ့ ၊ ဒီအဖြစ်အပျက်ဟာ နေ့စဉ်နဲ့အမျှတွေကြုံရတဲ့အဖြစ်အပြက် များစွာထဲက ပြရုပ် တစ်ခုမျှသာ ဖြစ်ပါတယ်၊

ယနေ့လူအများစု အစားအသောက် ညံ့ဖျင်းမှုနဲ့ပတ်သက်ပြီး ပြောကြတဲ့အခါ အင်းစိန် အကျဉ်းထောင်ကြီးကတော့ မပါမဖြစ်တဲ့ အခဏ်းကဏ္ဍက ပါဝင်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ ကြခတ်ဝိုင်းဆိုတဲ့ အကျဉ်းထောင်ကြီးရဲ့ စားရေး သောက်ရေးကလည်း ဖေါ်ပြပါ အကျဉ်းထောင်ကြီးရဲ့ ဌာနခွဲများဖြစ်နေရော့သလားလို့ပါဘဲ ၊ ဆွမ်းခံကရတဲ့ ဆွမ်းနဲ့ ဟင်းက စာချ ဘုန်းကြီးတွေနဲ့ အဆောင်ဘုန်းကြီးတွေအတွက်သာ လုံလောက်တယ်ဆိုတော့ စာသင်သား သံဃာတွေ အတွက်ကတော့ ကျောင်းက ဆန်ကောင်းတစ်တင်းကို နှစ်တင်းနဲ့လဲထားတဲ့ တပ်မ ၇၇-က ဆန်နဲ့ ချက်ထားတဲ့ထမင်း အဖတ်မပါတဲ့ ရေကဇွန်းရွက် ဟင်းအရေသောက် ငရုပ်သီးမှုန့်အကြမ်း ဖြူးထားတဲ့ငါးပိရေ ဆိုတော့ အင်းစိန်ထောင်ရဲ့ ဌာနခွဲလို့ ပြောလိုက်တာ ကတော့ လွန်မယ်မထင်ပါဘူး ၊ နေ့စဉ်နဲ့အမျှ ဒီဟင်းနဲ့ ဒီထမင်းကို ၆-ပါး တစ်ဝိုင်း စားကြရတဲ့ ဘ၀ဆိုတော့ ပြင်ပထောင်ဝင်စာကို စောင့်နေကြရတဲ့ ထောင်သားတွေရဲ့ဘ၀လိုဘဲ နီးစပ်ရာပုဂ္ဂိုလ်တွေက ပေးပို့မယ့် ငါးပိကြော်တို့ ချဉ်ပေါင်ကြော်တို့ကို စောင့်နေကြရတဲ့ ကြခတ်ဝိုင်း အကျဉ်းသားတို့ရဲ့ဘ၀ဟာ အတိတ်က၀ဋ်ကြွေးများ ပါခဲ့နေရော့သလားလို့ စဉ်းစားမိတယ်၊

ဒီထမင်း နဲ့ ဒီဟင်းကို စားရဖို့ကလည်း တစ်ပါးနဲ့ တစ်ပါး နှစ်တောင့်ထွာ အကွာဝေး အနေထားနဲ့ တန်းစီပြီး ဆွမ်းစားကျောင်း ထဲကိုဝင်ရတော့ နာရီဝက်လောက် အချိန်ယူရပါတယ်၊ တနေ့မှာတော့ တန်စီပြီးသွားနေကြရင်း ကိုရင်သုံးပါး နှစ်တောင့်ထွာထက် ဝေးကွာလို့ ဆိုတဲ့ ပြစ်မှုပုဒ်မနဲ့ အများသံဃာတွေ ဆွမ်းစားနေချိန်မှာ သူတကာတွေ ၀င်ထွက်သွားလာတဲ့ ဆွမ်စားကျောင်း အ၀င်ဝမှာ ၀မ်းလျားမှောက်ပြီး နေကြရတဲ့ မြင်ကွင်းကို တွေ့မြင်ရလို့ သုမေဓာရှင်ရသေ့ရဲ့ ဘုရားဆုပန်ခန်းကိုပင် ပြန်လည်သတိရ မြင်ယောင်မိသေးတော့တယ်၊ အခုလို လူဒါယကာ ဒါယကာမတွေရဲ့ ကွယ်ရာမှာ သံဃာကို သံဃာလိုမဆက်ဆံပေမဲ့ ဆွမ်းအလှူဒါန တွေရှိတဲ့အခါမျိုးမှာ အမြဲဟောလေ့ရှိတဲ့ တရားတော်ကတော့ “စာတလုံး ဘုရားတဆူ” တဲ့လေ ၊ သံဃာတော်များရဲ့ နှစ်လုံးသားထဲမှာ ဘုရားဟောပိဋကတ်တွေ ကိန်းအောင်းနေတယ်၊ ဒါကြောင့် သံဃာတော်တပါး ကြွလာရင် ဘုရားတစ်ဆူကြွလာတယ်မှတ် ဆိုပါလား ၊ အဲဒီအချိန်မျိုးမှာ ဆိုရင်တော့ စာရေးသူတို့ ရဲ့ ဘ၀ဟာ ဘုရားတွေဖြစ်လို့ပေါ့ ၊ ဒါပေမဲ့ အဲဒီ ဘုရား ရာထူးက သိပ်တော့မမြဲလိုက်ပါဘူး၊ ဘုရားအဖြစ် ရာထူးက လျော့ကျတဲ့အချိန်ကတော့ လူဒကာ ဒကာမတွေ ပြန်သွားပြီးလို့ များမကြာမှီ ကျောင်းသန့်ရှင်းရေး လုပ်ကြတဲ့ အခါဘဲဖြစ်ပါတယ်၊ သန့်ရှင်းရေးလုပ်ရင်း ပင်ပန်းလို့ ခေတ္တမတ်တတ်ရပ် နေတာကိုတွေ့တာနဲ့ ဆဲဆိုလေ့ရှိတာကတော့ “ဟိုနွား အလုပ်မလုပ်ဘဲ ဘာလို့ ရပ်နေတာလဲ “ တဲ့ ၊
ဪ ကြခတ်ဝိုင်းဆိုတဲ့ အကျဉ်းထောင်ကြီးထဲက ငါတို့ရဲ့ဘ၀ဟာ ဘုရားဖြစ်လိုက် နွားဖြစ်လိုက်ပါလား နော် ----။

သောတုဇနဘိက္ခု



ဗြဟ္မစိုရ်တရားနှင့် ယနေ့မြန်မာပြည်


ယနေ့မြန်မာပြည်သူတွေ ကြားသိနေကြရတဲ့ ဗြဟ္မစိုရ်တရားဆိုတာဟာ ဗြဟ္မစရိယ ဆိုတဲ့ ပါဠိကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဗြဟ္မ၀ိဟာရ တရားလို့လည်း ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဗြဟ္မာကြီးတွေ ကျင့်သုံးနေထိုင်တဲ့ တရား၊ တနည်းအားဖြင့် ဗြဟ္မာပြည်ကို တက်လှမ်းလိုသူတွေ အသုံးပြုရမည့် စောင်းတန်း လှေကားတွေလည်းဖြစ်ပါတယ်။ အဲဒီ ဗြဟ္မစရိယတရား (၄) ပါးကိုပဲ သတ္တ၀ါအားလုံးရဲ့ အပေါ်မှာ ခွဲခြားဆက်ဆံမှုမရှိတဲ့ အပ္ပမညာတရားလို့လည်း ခေါ်ပါသေးတယ်။

ဒီနေရာမှာ ဗြဟ္မာလို့ဆိုလိုက်ရင် အဆင့်အတန်းမြင့်တဲ့ နတ်ဗြဟ္မာတွေကိုသာ ပြေးပြီး မြင်တတ်ကြတာကတော့ ဓမ္မတာပါပဲ။ ဒါပေမယ့် လူသားစင်စစ် ဖြစ်လျက်နဲ့ ဗြဟ္မာအမည်ရထိုက်သူတွေလည်း ရှိပါသေးတယ်။ အဲဒီသူတွေကတော့ မိဘနှစ်ပါး ပါပဲ။ မိဘနှစ်ပါးဟာ သားသမီးတွေရဲ့ အပေါ်မှာ ဗြဟ္မာစိုရ်တရားတွေ လွှမ်းခြုံနေတာဖြစ်လို့ ဗြဟ္မာလို့ ခေါ်ဆိုနိုင်တာပါ။ မိဘတွေဟာ သားသမီးနဲ့ ပတ်သတ်လာရင် ဗြဟ္မစိုရ်ဓါတ် အကိန်းဝပ်ဆုံးသူတွေလို့ဘဲ ဆိုရမှာပါ။ အဲဒီ ဗြဟ္မစိုရ်ဓါတ် ကိန်းဝပ်နေတဲ့ မိဘတွေကိုသာ မိဘစစ် မိဘမှန်လို့ ခေါ်ဆိုရလိမ့်မယ်ထင်ပါတယ်။ ဒါပေမယ့် ယနေ့ မြန်မာနိုင်ငံမှာ မိမိကိုယ်မိမိ မိဘ အမည်ခံနေသူတွေရှိနေပါတယ်။ အဲဒီသူတွေကတော့ "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" လို့ ကြွေးကြော်နေတဲ့ လက်ရှိ စစ်အာဏာရှင် အစိုးရပါပဲ။ ဒါကြောင့်မို့ ဒီစစ်အစိုးရမှာ မိဘအမည်ခံထိုက်တဲ့တရား၊ ဗြဟ္မစိုရ်တရား တကယ်ရှိပါသလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။

တစ်ခါတုန်းက စားရေးသူဟာ တပ်မတော် အငြိမ်းစား ဗိုလ်ကြီးဟောင်း တစ်ယောက်နှင့်အတူ သူ့ရဲ့တစ်ချိန်က တပ်ထဲမှာ ဆရာကြီးဖြစ်ခဲ့ဖူးသူထံ ကိစ္စတစ်ခုနဲ့ ရောက်သွားခဲ့ပါတယ်။ အသက်အရွယ်အားဖြင့်တော့ (၈၀) ကျော်အရွယ်မှာရှိပါတယ်။ ယခုလက်ရှိ နအဖ ထိပ်ပိုင်းခေါင်းဆောင် တော်တော် များများကို တပ်ထဲမှာ တစ်ချိန်က ပညာသင်ပေးခဲ့ဘူးသူလည်း ဖြစ်ပါတယ်။ တွေ့တာနဲ့ အလ္လာပသလ္လာပြောကြားရင်း အတူပါလာတဲ့ ဗိုလ်ကြီးဟောင်းက သူ့ဆရာ အဘိုးကြီးကို အခုလိုစပြောပါတယ် "ဆရာရယ် အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံလောက် ဗြဟ္မစိုရ်တရား ကင်းမဲ့တဲ့နိုင်ငံ ဘယ်မှာမှ ရှိမယ်မထင်ပါဘူးဗျာ၊ လူတွေလည်း ဒုက္ခမျိုးစုံနဲ့ တွေ့ကြုံရင်ဆိုင်နေကြရတယ်" လို့ပြောတော့ အဖိုးကြီးဟာ မျက်နှာတွေ နီရဲလာပြီး "ငါတို့နိုင်ငံလောက် ဗြဟ္မစိုရ် တရားရှိတဲ့နိုင်ငံ မင်းဘယ်မှာမြင်ဖူးလဲ၊ အခုတိုင်းပြည်ဆင်းရဲနေတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတွေကြောင့်" စသည်ဖြင့် နောက်ဆုံးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်ကျိုးငယ်နာပါမကျန် ဒေါနဲ့မောနဲ့ပြောတော့တာပါပဲ။ ဗိုလ်ကြီးဟောင်းကတော့ လက်ရှိတွေ့ကြုံနေရတဲ့ ပကတိအခြေအနေကို ကျေးဇူးခံ ကျေးဇူးစားဆိုတဲ့ အနှောင်အဖွဲ့ကင်းကင်းနဲ့ ပြောလိုက်တယ်ထင်ပါတယ်။ စာရေးသူဟာ တပည့်ဆရာနှစ်ယောက် ငြင်းခုံနေတဲ့ကြားထဲမှာ ဘာမှမပြောပဲ နားထောင်နေရင်း ဗြဟ္မစိုရ်တရား အရှိဆုံးပါလို့ ပြောခဲ့တဲ့ အဘိုးကြီးရဲ့ ဗြဟ္မစိုရ်ဓာတ် ခန်းခြောက်နေတဲ့ မျက်နှာကို သတိထားမိလိုက်ပါတယ်။

ခဏအကြာမှာတော့ စားရေးသူနဲ့ တပ်မတော်ဗိုလ်ကြီးဟောင်းတို့ဟာ အဖိုးကြီးအိမ်ကထွက်ခဲ့ကြပြီး အိမ်အပြန်လမ်း အရောက်မှာတော့ တပ်မတော်ဗိုလ်ကြီးဟောင်းက စာရေးသူကို အခုလိုပြောပါတယ် "ဆရာရဲ့သမီးတွေက မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆရာဝန်တွေဆိုတော့ ကျေးဇူးခံ ကျေးဇူးစားတွေဖြစ်နေတဲ့အတွက် အခုလို စစ်အာဏာပိုင်တွေဖက်က ကာကွယ်ပြောတာ ဖြစ်နိုင်ပါတယ်" လို့ပြော ပြပါတယ်။ တကယ့်တော့ အဲဒီအဘိုးကြီးဟာ ဗြဟ္မစိုရ်တရားဆိုတာကို ကျေးဇူးခံ ကျေးဇူးစားဆိုတဲ့ အတိုင်းအတာနဲ့ တန်ဖိုးဖြတ်လိုက်တာပါပဲ။

ဒါကြောင့် ယနေ့မြန်မာနိုင်ငံမှာ "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" လို့ ကြေငြာနေကြတဲ့သူတွေ တကယ်ဘဲ ဗြဟ္မစရိယ အင်္ဂါရပ်တွေနဲ့ ညီညွတ်ပါရဲ့လား ဆိုတာကို အင်္ဂါရပ်တစ်ခုချင်း နှိုင်းယှဉ်ကြည့်ချင်ပါတယ်။
ပဌမအင်္ဂါရပ်ကတော့ မေတ္တာပါပဲ၊ မေတ္တာဆိုတာဟာ ဒေါသရဲ့ဆန့်ကျင်ဘက် အဒေါသဖြစ်ပါတယ်။ လူသားတွေရဲ့ စိတ်နှလုံးကို နူးညံ့စေနိုင်တဲ့တရားပါ။ ကွဲပြားခြားနားလှတဲ့ ဘာသာ အယူဝါဒတွေထဲက တူညီတဲ့ တရားတခုကိုပြပါဆိုရင် မေတ္တာလို့ပဲ ပြောရမှာဖြစ်ပါတယ်။ လူတန်းစား လူအလွှာမခွဲခြားဘဲ လူသားအားလုံးရဲ့ အကျိုးစီးပွါးကိုလိုလားတဲ့ အပ္ပမညတရားတစ်ပါးလဲ ဖြစ်ပါတယ်။ ဒါကြောင့် မေတ္တာဆိုတာဟာ ရာဂ တဏှာနှင့် ရောနှောတဲ့ ချစ်ခြင်းမဟုတ်သလို နိုင်ငံရေး၊ လူမျိုးရေး၊ အမျိုးသားရေး၊ ဘာသာရေးညီအကို မောင်နှမစိတ်ဓါတ်မျိုးလည်း မဟုတ်ပါဘူး။ နိုင်ငံရေး၊ လူမျိုးရေး စတဲ့ ညီအကိုမောင်နှမ စိတ်ဓါတ်ဆိုတာဟာ နိုင်ငံရေးအယူ အဆတူသူ၊ လူမျိုးတူသူတို့ရဲ့ ညီအကိုမောင်နှမစိတ်ဓာတ်ဖြစ်လို့ စစ်မှန်တဲ့ မေတ္တာလို့ မခေါ်နိုင်ပါဘူး၊ ကျဉ်းမြောင်းလှတဲ့ လူမျိုးချစ်စိတ်မျှသာဖြစ်ပါတယ်။

မေတ္တာတရားဆိုတာဟာ အကန့်သတ်မရှိ သတ္တ၀ါအားလုံးရဲ့အပေါ်မှာ မိမိနဲ့တန်းတူ အကျိုးခံစားစေလိုတဲ့ စိတ်ဓါတ်မျိုးကိုပြောတာပါ။ ဥပမာအားဖြင့်ဆိုရရင် သားတစ်ယောက်တည်းရှိတဲ့ မိခင်ဟာ အဲဒီတစ်ဦးတည်းသော သားကို မိမိရဲ့အသက်နဲ့ ထပ်တူချစ်တဲ့စိတ်မျိုးပါပဲ။ အထက်ဖော်ပြပါ မေတ္တာရဲ့ အင်္ဂါရပ်တွေကို ကြည့်သောအားဖြင့် ယနေ့မြန်မာနိုင်ငံမှာ သူတို့မိသားစု ကောင်းစားရေးအတွက် သူတို့ဘက်က ရပ်တည်ပေးသူတွေအတွက်ကိုသာ ဦးစားပေးနေတဲ့ စစ်အာဏာပိုင်တွေရဲ့ "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဆိုတဲ့စကားဟာ လက်တွေ့အခြေအနေနဲ့ မကိုက်ညီတဲ့ လက်တွေ့မကျတဲ့ စိတ်ကူးနဲ့ ရူးနေကြသူများသာဖြစ်ပါလိမ့်မယ်။

ဒုတိယအင်္ဂါရပ်ကတော့ သက်ရှိသတ္တ၀ါအားလုံးရဲ့ အပေါ်မှာ ရက်စက်ကြမ်း ကြုတ်ခြင်း ဟိ”သနာတရားရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သနားကြင်နာခြင်း ကရုဏာ ပဲဖြစ်ပါတယ်။ ကရုဏာဆိုတာဟာ ဆင်းရဲဒုက္ခကြုံတွေ့နေကြရတဲ့ သတ္တ၀ါ အားလုံးရဲ့အပေါ်မှာ သနားကြင်နာမှုဖြစ်တာကို ကရုဏာလို့ခေါ်တာပါ။ မိမိရဲ့ ဆွေမျိုးအသိုင်းအ၀န်းစတဲ့ ကျဉ်းမြောင်းတဲ့ အုပ်စုလေးတစ်ခုရဲ့ ဒုက္ခဆင်းရဲတွေကိုသာ သနားကြင်နာမှုဖြစ်တာမျိုးကို ကရုဏာအစစ်ရယ်လို့ မခေါ်နိုင်ပါဘူး။

ယခုလက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ နအဖ စစ်အုပ်စုနဲ့ အပေါင်းပါ တစ်စုဟာ မိမိတို့ရဲ့ကိုယ်ပိုင် လူ့အခွင့်အရေးအတွက် ရုန်းကန်လှုပ်ရှားနေသူတွေ ကို ဖမ်းဆီး အကျဉ်းချပြီး လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ပြုမူဆက်ဆံနေတာတွေဟာ သနားကရုဏာကင်းမဲ့တဲ့ ရက်စက်ကြမ်းကြုတ်ခြင်း ဟိသနာတရားရဲ့ သင်္ကေတ ပြယုတ်တွေဘဲဖြစ်ပါတယ်။ စစ်ဘီလူးတွေရဲ့ လက်တွင်း ကျရောက်ရမှာကို စိုးရိမ်လို့ ရှောင်တိမ်းနေကြရင်း လူမမယ် ကလေးငယ်မိခင်တွေရဲ့ သားသမီးတွေနဲ့ ကွေကွင်းနေကြရခြင်း ဒုက္ခဝေဒနာကြောင့် ထွက်ပေါ်လာတဲ့ သောကအသံလှိုင်းတွေ၊ မိဘဆွေမျိုးသားချင်းတွေနဲ့ သေကွဲ ရှင်ကွဲဖြစ်နေကြရာက ပွင့်ထွက်လာတဲ့ ပရိဒေ၀ အပူလှိုင်းလုံးသံတွေ ဘ၀ဂ်မှာညံနေတာတွေကို အကြင်နာကင်းမဲ့တဲ့ နှလုံးသားပိုင်ရှင် စစ်အာဏာပိုင် ပုဂ္ဂိုလ်တွေနဲ့ မိသားစုအပေါင်းပါတွေက သူတို့ကို ဘုရင်အဖြစ် ဘိသိတ်သွန်းလောင်းတဲ့ အောင်ဇေယျတု ခရုသင်းမှုတ်သံတွေလို့များ ထင်မှတ်နေကြရောသလားပါဘဲ။ အခုလို ရက်စက်မှုသရဖူကို ဘုရင်စိတ်အရူးထပြီး ထီးဖြူအဖြစ်ဆောင်းထားသူတွေက မိဘအမည်ခံထားတာကတော့ ဘုရားဟောဇာတ်နိပါတ်တော်တွေထဲက သူကလေးပါဆိုပြီး လုယူတဲ့ ဘီလူးမရဲ့ ဆွေမျိုးလက်ကျန်တွေလို့ပင် ပြောရမလိုဖြစ်နေပါပြီ။

တတိယမြောက်ဖြစ်တဲ့ ဗြဟ္မစိုရ်တရားကတော့ တစ်ပါးသူတိုးတက်ကြီးပွါးတာ၊ အောင်မြင်နေတာတွေကို မနာလို မရှုစိတ် ဣဿာရဲ့ ဆန့်ကျင်ဘက် မုဒိတာဖြစ်ပါတယ်။ မုဒိတာဆိုတာဟာ သူတစ်ပါးတိုးတက်ကြီးပွါးတာ အခြံအရံ ပေါများတာစတဲ့ အောင်မြင်မှုတွေကို ၀မ်းမြောက်ကျေနပ်တဲ့ စိတ်မျိုးကိုခေါ်တာ ပါ။ မိခင်တစ်ယောက်က စကားပြောတတ်စအရွယ် မိမိရင်သွေးငယ်ကလေးရဲ့ တီတီတာတာ စကားပြောသံလေးတွေ၊ အတုမြင် အတတ်သင်တတ်တဲ့ အမူအရာလေးတွေကို ကြည့်ပြီး ရင်ထဲမှာ မုဒိတာစိတ်တွေနဲ့ ပြည့်နေတဲ့စိတ်နဲ့ တူတဲ့ ခံစားချက်မျိုးကို ဆိုလိုတာပါ။

ဒါပေမယ့် "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" လို့ပြောနေတဲ့ စစ်အုပ်စုကတော့ ဘယ်အဖွဲ့အစည်းကိုမသွားရ၊ မပူးပေါင်းရစသည်ဖြင့် ကန့်သတ်ပြီး ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေရဲ့ တိုးတက်မှုတွေကို မနာလို မရှုစိတ်တွေနဲ့ ဘုရားတက်ဆုတောင်းတာကိုတောင်ပဲ အနှောင့်အယှက်ပေးနေ လေတော့ မုဒိတာစိတ်ကိန်းဝပ်ဖို့ဆိုတာ မဆိုထားနဲ့ မုဒိတာရဲ့ အဓိပ္ပါယ်ကိုပင် နားလည်ပုံမပေါ်ပါဘူး၊ နောက်ဆုံး သူတစ်ပါး အလှူဒါနကို သာဓုခေါ်ပြီး မုဒိတာပွါးရမည့်အစား ဘုန်းကြီးများကိုပင် ဘယ်အဖွဲ့အစည်းကလှူတဲ့ အလှူဒါနကို လက်မခံရဘူးစသည်ဖြင့် ပိတ်ပင်နေလေတော့ နအဖ စစ်အုပ်စု သေရင် သာဓုမခေါ်နိုင်တဲ့ မကျွတ်မလွတ်နိုင်တဲ့ ပြိတ္တာတစ်မျိုးမျိုး ဖြစ်မှာကတော့ အသေချာပါပဲ။ အဲဒါကြောင့် နအဖ စစ်အုပ်စုကို တိုက်တွန်းချင်တာကတော့ သေပြီးတဲ့နောက် တကယ်လို့သာဓုခေါ်နိုင်တဲ့ အဆင့်ကိုများရခဲ့ရင် ကျန်ရစ်တဲ့ မိသားစုကပြုလုပ်တဲ့ အလှူဒါနကို သာဓုခေါ်နိုင်ဖို့ မသေခင်ကတည်းက မုဒိတာ စိတ် ပွါးတတ်အောင် လေ့ကျင့်ထားကြဖို့ပဲ။

စတုတ္ထမြောက်ဖြစ်တဲ့ ဗြဟ္မစရိယတရားကတော့ ဥပေက္ခာဆိုတဲ့ ဗြဟ္မစရိယဖြစ် ပါတယ်။ အဲဒီ ဥပေက္ခာဆိုတဲ့ ဗြဟ္မစရိယတရားဟာ အင်မတန်အဆင့်အတန်းမြင့် တဲ့ တရားပါ။ စိတ်ဓာတ်လေ့ကျင့်မှု ကြံ့ခိုင်မှုမရှိသူတွေအတွက်တော့ ဥပေက္ခာ စိတ်ကိုပွါးများဖို့ဆိုတာ ခဲယဉ်းပါလိမ့်မယ်။ ယနေ့ လူအများစုပြောဆိုလေ့ရှိတဲ့ ပြောဆိုဆုံးမတာကို နားမထောင်လို့ ဒီကလေးကို ဥပေက္ခာပြုထားလိုက်တယ် ဆိုတာဟာ ဒေါသစိတ် အခြေခံနေတာမို့ ဥပေက္ခာဗြဟ္မစရိယလို့ မခေါ်နိုင်ပါဘူး။ ဥက္ခောဗြဟ္မစရိယဆိုတာဟာ ကောင်းတဲ့လောကဓံ တရားတွေကို ခံစားရချိန်မှာ လွန်ကဲစွာနှက်သက်မှုမရှိ၊ မကောင်းတဲ့ လောကဓံတရားတွေနဲ့ ရင်ဆိုင်ရချိန်မှာ လည်း မကျေနပ်မှု ဒေါသမဖြစ်ဘဲ အလယ်အလတ်လမ်းစဉ်နဲ့ သင့်တင့်စွာနှလုံး သွင်းပြီးတော့နေတာကို ဆိုလိုတာပါ။ ဥပမာအားဖြင့်တော့ သားသမီးတွေအရွယ် ရောက်လို့ အိမ်ထောင်ကိုယ်စီကျသွားကြတဲ့အခါ မိဘတွေအနေနဲ့ ဒေါသစိတ်နဲ့ စွန့်လွှတ်လိုက်တာမျိုးမဟုတ်ဘဲ၊ သူတို့အချိန်တန်လို့ ခွဲခွါသွားကြတာပဲဆိုတဲ့ ယောနိသောမနသိကာရ အသင့်အတင့်နှလုံးသွင်းမှု အခြေခံတဲ့ စိတ်ဓါတ်မျိုးကို ဆိုလိုတာပါ။ ငါတို့ရဲ့ ကောင်းကြောင်းတွေကို ရေးမယ်၊ ငါတို့လုပ်တာတွေကို ထောက်ခံပြောဆိုမယ်ဆိုရင် အခွင့်အရေးပိုပေးလိုက်မယ်၊ အဲဒီလိုမှ မဟုတ်ဘဲ ငါတို့ကို ဆန့်ကျင်ရေးသားပြောဆိုရင် အတိုက်ခံလုပ်ရင်တော့ ငါတို့ရဲ့ ရန်သူဘဲလို့ သတ်မှတ်ပြီး ကြီးလေးတဲ့ပြစ်ဒဏ်တွေကို ချမှတ်မယ်၊ ရပိုင်ခွင့် လုပ်ပိုင်ခွင့်တွေကို ပိတ်ပင်လိုက်မယ်ဆိုတဲ့ ယခုလက်ရှိကျင့်သုံးနေတဲ့ အာဏာရှင်စစ်အုပ်စုတွေရဲ့ လုပ်ရပ်တွေဟာ ဥပေက္ခာဆိုတဲ့ ဗြဟ္မစရိယနဲ့ လုံးဝဆန့်ကျင်နေတယ်ဆိုတာကို တွေ့မြင်ကြရမှာပါ။

ဒါကြောင့် "တပ်မတော်သာ အမိ တပ်မတော်သာ အဖ" လို့ကြုံးဝါးနေတဲ့ နအဖစစ်အုပ်စုရဲ့ မိဘဆိုတဲ့ အတိုင်းအတာဟာ ဘယ်ဗြဟ္မစရိယပေတံနဲ့ တိုင်းတာမလဲဆိုတာကို မေးရပါလိမ့်မယ်။ တကယ်လို့ နအဖ စစ်အုပ်စုအနေနဲ့ ဗြဟ္မစိုရ်တရား အခြေခံတဲ့ မိဘစိတ်ရှိခဲ့ပါရင် မိဘတိုင်းဟာ သားသမီးတွေရဲ့ အကျိုးစီးပွါးအတွက် ဘယ်သူနဲ့မဆို ညှိနှိုင်းဆွေးနွေးနိုင်ကြသလို တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွါးအတွက် မည်သူနဲ့မဆို စစ်မှန်တဲ့တွေ့ဆုံ ဆွေးနွေး အဖြေရှာမှုမျိုးကို လုပ်နိုင်ရမှာပေါ့။ အခုတော့ တိုင်းပြည်ရဲ့ ရေရှည်အကျိုးစီးပွါးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရမည့်အစား နိုင်ငံရေးသမား အများစုကို ပြန်ပေးဆွဲပြီး သူတို့အာဏာထိုင်ခုံမြဲရေးအတွက် အာထုပ်နေလေတော့ ပြည်သူလူထုကြီးကတော့ နအဖဆိုတဲ့ ဒုက္ခသံသရာထဲမှာ တ၀ဲလည်လည်နဲ့ နေရဦးမယ့်ပုံပါဘဲ။

နအဖ စစ်အုပ်စုရဲ့ စနစ်ဆိုးကြောင့် ပြည်သူအများစုအတွင်းမှာလည်း ဆင်းရဲမွဲတေမှုတွေနဲ့ ရင်ဆိုင်နေကြရပြီး အကျိုးဆက်အနေနဲ့ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးလာနေတွေကို တွေ့နေကြရပါတယ်။ နအဖစစ်အုပ်စုက ထောက်ခံအသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းရဲ့ သင်္ကေတအမှတ်တံဆိတ် ၀တ်စုံလေး ၀တ်လိုက်တာနဲ့ပဲ အာဏာရှင်စိတ်တွေဝင်လာပြီး ပြည်သူအချင်းချင်း ကြီးနိုင် ငယ်ညှင်းစနစ်မျိုးတွေ ထွန်းကားလာနေတာကြောင့် နအဖ စစ်အုပ်စု သက်တမ်းရှည်လေ မြန်မာပြည်သူတွေရဲ့ နှလုံးသားမှ ဗြဟ္မစိုရ်တရားတွေ ကင်းပျောက်လေ ဖြစ်နေဦးမှာကတော့ အသေအချာပါပဲ။ လူတိုင်းကိုယ်စီမှာ ဗြဟ္မစိုရ် တရားတွေသာ ကင်းပျောက်သွားခဲ့ရင်တော့ မြန်မာပြည်ရဲ့ အနာဂါတ်ဟာ မတွေးဝံ့စရာပါ။

အဲဒါကြောင့် နောက်ဆုံးအနေနဲ့ တိုက်တွန်းခြင်တာကတော့ ဗြဟ္မစိုရ်တရားရဲ့ အဓိပ္ပါယ်ကို သိနားလည်အောင်လုပ်ပြီး လက်တွေ့ကျင့်သုံးကြဖို့နဲ့ ကျင့်သုံးတဲ့အတိုင်း ဗြဟ္မစိုရ် စိတ်ဓာတ်တွေ လူတိုင်းကိုယ်စီမှာ ကိန်းဝပ်ကြပါစေ ကြောင်း ဆန္ဒပြုရင်း ဒီဆောင်းပါးကို ဤမျှနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေ။


ဗြဟ္မစိုရ်ဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်ဝ် . . . . . . . . ..

သောတုဇန ဘိက္ခု

စိတ်ဓာတ်တော်လှန်ရေးမှသည် စစ်တပ်တော်လှန်ရေးသို


9th June
ယနေ့အချိန်မှာ တော်လှန်ရေးဆိုသည့် အသုံးအနှုန်းသည် နေရာအနံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရသော စကားသံဖြစ်ပါသည်။ အထူးသဖြင့် မငြိမ်းချမ်းသေးသည့် ဒေသ နိုင်ငံများ တိုင်းတပါး၏ လွှမ်းမိုးမှုမှ မလွတ်မြောက်သေးသည့်နိုင်ငံများ မတရားဖိနှိပ်မှုကို ခံစားနေကြရသော အရပ်ဒေသများဖြစ်ပါသည်။ ယခုကဲ့ ဖြစ်ရခြင်းမှာလည်း မတရား ဖိနှိပ်ခံရမှုမှ သည်းမခံနိုင်တော့သည့် အဆုံးတွင် ရင်ထဲ မကျေနပ်မှုမှ ပေါ်ထွက်လာသော ပေါက်ကွဲသံဖြစ်ပါသည်။
ဤဆောင်းပါး၌ စာရေးသူအနေဖြင့် စစ်တပ်တော်လှန်ရေးဟု နိဒါန်းတည်ထားခဲ့ပါသည်၊ သို့သော်လည်း စစ်တပ်ဟာ တော်လှန်ပြစ်ရမည့်အရာလား ဟုမေးစရာဖြစ်လာပါသည်၊ နိုင်ငံတစ်နိုင်ငံ အတွက် စစ်တပ် သိုမဟုတ် ပြည်သူ့တပ်မတော်ဟာ နိုင်ငံသားများ၏ ရန်သူ မဟုတ်သလို တော်လှန် ရမည့် အရာလည်းမဟုတ်ပါချေ၊ နိုင်ငံတိုင်းတွင် စစ်တပ်ဆိုသည်မှာ နိုင်ငံသားတို့၏ အိုးအိမ် စည်းစိမ်ဥစ္စာနှင့် အသက်အန္တရာယ်ကို ကာကွယ်ဖို့ရန်အတွက် မရှိမဖြစ်လိုအပ်သော နိုင်ငံ၏ အင်္ဂါရပ်တခုလည်း ဖြစ်ပါသည်၊ သို့သော်လည်း ဤနေရာမှာ စာရေးသူ အသုံးပြုထားသော ပြည်သူ့တပ်မတော်ဆိုတဲ့ အသုံးအနှုန်းကိုတော့ သတိထားဖို့ လိုအပ်ပါလိမ့်မည်။

တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲ့တပ်မတော်ကို ပြည်သူကိုအလုပ်ကျွေးပြုဖို့ တိုင်းပြည်ရဲ့ ၀န်ကို ထမ်းဆောင်ဖို့ တည်ထောင်ခဲ့တာပါ။ တိုင်းပြည်နဲ့လူမျိုးကို ၀န်ထုပ်ဝန်ပိုးဖြစ်စေဖို့ တည်ထောင်ထားခဲ့တာမဟုတ်ပါဘူး။ အဲဒီလို မူလရည်မှန်ချက် လမ်းစဉ်က သွေဖယ်ပြီး တိုင်းပြည်နဲ့လူမျိုး အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကိုယ်ကျိုးရှာ စစ်တပ်မျိုးဆိုရင်တော့ တော်လှန်ပြစ်ရမဲ့ စစ်တပ်မျိုးဖြစ်သွားမှာပါ။ သိုသော်လည်း စစ်တပ်ထဲမှာ ဗိုလ်ချုပ် မျှော်လင့်ခဲ့သကဲ့သို့ စစ်သားကောင်းတွေလည်း များစွာမှရှိနေလိမ့်အုံးမည်ကတော့ ယုံမှားစရာမရှိပါ။ အခြေအနေနဲ့ အချိန်အခါအရ ကိုယ်ကျိုးရှာ လက်တစ်ဆုပ်စာ အုပ်စုတစ်စုရဲ့ လက်ထဲမှာ မီးခဲပြာဖုံးဖြစ်နေကြရရှာတာပါ။ အာဏာယစ်မူးပြီး အာဏာကိုမှ ဖက်တွယ်နေကြတဲ့ လက်တစ်ဆုပ်စာ အာဏာရူးတွေကြောင့် ဗိုလ်ချုပ်တည်ထောင်ထားခဲ့သော မြန်မာ့တပ်မတော်ကြီးမှာ ပြည်သူအများရဲ့တံထွေးခွက်ထဲ မျောနေကြရရှာပါပြီ။ တချိန်က ပြည်သူချစ်တဲ့ မြန်မာ့တပ်မတော်ကြီးဟာ အာဏာရူး အုပ်စုတစ်စုရဲ့ အသုံးချခံရမှုကြောင့် ပြည်သူအတွက် အော့နှလုံးနာစရာ ဖြစ်လာခဲ့ပါပြီ။ ပြည်သူအများစုကြီးမှာလည်း နှစ်ပေါင်းများစွာ အုပ်စိုးလာခဲ့သော စစ်အုပ်စုရဲ့ စနစ်ဆိုးမွေကြောင့် ပြည်သူတွေပါ စိတ်ဓာတ်ရေးရာပျက်ပြားပြီး ယခုဆိုလျှင် ပြည်သူတွေ အချင်းချင်းပင် ရိုက်သတ်တဲ့ အဆင့်ထိ ရောက်အောင်တွန်းပို့ခဲ့ပါပြီ။ ဒါကြောင့် တကယ်တော်လှန်ပြစ်ရမဲ့ စစ်တပ်ဆိုသည်မှာ တိုင်းပြည်ကိုစနစ်ဆိုးမွေများ ရိုက်သွင်းပေးသော စစ်တပ်မျိုးကိုဆိုလိုတာပါ။

လူရယ်လို့ဖြစ်လာပါက တစ်ပါးသူရဲ့ လမ်းလွဲသို့ တွန်းပို့မှု မခံရလေအောင် လူဂုဏ်ပုဒ်နှင့်အညီ ကိုယ်ပိုင်အသိဉာဏ်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိဖို့လိုပါသည်။ ယနေ့ မြန်မာပြည်သူအများစုကို မေးလိုက်ပါက ၉၀% ရာနှုန်းဟာ နအဖ စစ်အုပ်စုကို မနှစ်မြို့
သူတွေဖြစ်တယ်ဆိုတာကိုသိနိုင်ပါသည်။ ဒါပေမဲ့ တကယ်ဘဲ မကြိုက်ကြသူတွေ ဟုတ်ကြပါရဲ့လားဟု မေးရပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် နအဖ စစ်အုပ်စုကို ရှေ့  တန်းက မားမားမတ်မတ် ရင်ဆိုင်တိုက်ခိုက်မည် ဟု ကြွေးကြော်နေကြသူများပင် နအဖ ၏ စနစ်ဆိုးတွေကို လက်တွေ့ကျင့်သုံးနေကြခြင်းကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ထိုသူတွေဟာ ပုဂ္ဂိုလ်ရေးအရ လူကိုသာမကြိုက်တာပါ၊ မူကိုတော့ ကြိုက်ကြသူများဖြစ်ပါသည်။ ဒီလိုဆိုပါက နအဖစစ်အုပ်စုကို မထောက်ခံဟု ဆိုသောစကားသည် အဘယ်ကဲ့သို့ နားလည်ရပါမည်နည်း။ စနစ်ဆိုးကို လွန်မြောက်ဖို့ဆိုလျှင် စနစ်ဆိုးကိုချမှတ်သူနှင့် မူကိုပါတော်လှန်ပြစ်ဖို့လိုပါလိမ့်မည်။ နှစ်ပေါင်းများစွာ တိုင်းပြည်ကို ခြယ်လှယ်လာခဲ့တဲ့ နအဖ စစ်အုပ်စုကို တော်လှန်ဖို့ဆိုလျှင် အဖိနှိပ်ခံ ပြည်သူအချင်းချင်း ညီညွတ်ကြဖို့ရန်မှာ အထူးအရေးကြီးသော အချက်ပင်ဖြစ်ပါသည်။ ၄င်းညီညွတ်ရေးဆိုသည့် စကားကို အဖွဲ့အစည်းတိုင်းက လက်မလွတ်တန်း အသုံးပြုနေကြတာကိုလည်း နားနဲ့မဆန့်အောင် ကြားနေကြရပါသည်။ ညီညွတ်မှ အောင်မြင်နိုင်မည့် ကိစ္စတွင် ညီညွတ်ရေးဆိုသည့် စကားမျှဟာ အဓိက ပန်းတိုင်မဟုတ်ပါ။ ညီညွတ်ရေးလမ်းစဉ်အတိုင်း လျှောက်လှမ်းမှသာလျှင် ကိစ္စပြီးမြောက်ခြင်းဆိုသည့် ပန်းတိုင်ကိုရောက်မည်ဖြစ်သည်၊ သို့သော်လည်း အဖွဲ့အစည်းတော်တော်များများထဲက လူအများစုဟာ ညီညွတ်ရေးဆိုသည့် စကားကို တွင်တွင်သုံးပြီး ညီညွတ်ရေးလမ်းစဉ်များမှ လမ်းကြောင်းလွဲနေကြသည်တို့ကို တွေ့မြင်နေကြရမည်ဖြစ်သည်။ တနည်းအားဖြင့်ဆိုရလျှင် မပြောပလောက်သည့် စွဲမက်စရာလေးတွေ ဆွဲဆောင်ဖြားယောင်းမှုတွေကြောင့် ရန်သူအစစ်ကိုပြစ်မှတ်ထား သူများမဟုတ်ဘဲ ရန်သူ၏ ပြစ်မှတ်ထဲ ရောက်နေကြသူများသာဖြစ်သည်။ နအဖ စစ်အုပ်စုကို သားကောင်အဖြစ်လိုက်ရင်းမှ မိမိက သားကောင်ဖြစ်သွားကြလေသည်။
တစ်ချိန်က အလွန်တရာမှ စည်းလုံးညီညွတ်ပြီး စည်ပင်ဝပြောခဲ့သည့် ဝေသာလီ ပြည်ကို ဖျက်ဆီးပြစ်ခဲ့တာကတော့ ရာဇဂြိုဟ်ပြည်က အဇာတသတ်ရဲ့ လူယုံတော်ကြီး ၀ဿာကာရအမတ်ကြီး၏ မိထုဘေဒ= အချင်းချင်းညီညွတ်နေသည်ကို စိတ်ဝမ်းကွဲစေတတ်သည့် နည်းပင်ဖြစ်ပါသည်။ ၄င်းမိထုဘေဒနည်းကို ယခုလက်ရှိအချိန်မှာ စစ်အာဏာရှင်တို့ကလည်း လက်တွေ့ကျင့်သုံးနေဆဲပင်ဖြစ်ပါသည်။ ထိုနည်းတူစွာပင် စစ်တပ်ကို တော်လှန်လိုပါသည်ဆိုသည့် သူများကလည်း မိမိတို့ အဖိနှိပ်ခံအချင်းချင်း ၄င်းလမ်းစဉ်အတိုင်း လိုက်နေကြပြန်လေတော့ မိမိတို့အချင်းချင်း အဘယ်ကဲ့သို့သော ညီညွတ်မှုမျိုး ကိုရရှိကြပါမည်နည်း။
ပုဂ္ဂိုလ်တစ်ဦးနှင့် တဦး စိတ်ဝမ်းကွဲစေတတ်သည့် အချက်တစ်ခုကတော့ အတ္တုက္ကံသန ဟုခေါ်သည့် မိမိ သို့မဟုတ် မိမိအဖွဲ့အစည်းကိုသာ အကောင်းမြင်တတ်ပြီး ပရ၀မ္ဘန ဟုခေါ်သည့် သူတစ်ပါး၏ အပြစ်အနာအဆာကိုအမြဲ ရှုတတ် ရှုပ်ချတတ်ခြင်း ဖြစ်ပါသည်။ ဒါကြောင့် “လူတွေဟာ လလိုဘ”ဲ ဟု အချို့ပညာရှင်များက ပြောဆိုလေ့ရှိသည်။ လဟာ မြင်သာသည့်အခြမ်းကိုသာပြပြီး မှောင်နေသည့်ဘက်ခြမ်းကိုတော့ ၀ှက်ထားလေ့ရှိသည်။ လူတို့၏ စရိုက်မှာလည်း မိမိ၏ကောင်းကွက်လေးကိုသာ ပြလေ့ ဂုဏ်ရောင် တင်လေ့ရှိတတ်ကြပြီး မိမိ၏မကောင်းမှုများကြတော့ လျှိုဝှက်လေ့ရှိတတ်ကြသည်။
တစ်ပါးသူ၏အပြစ်ကို အမြဲရှာလေ့ရှိပြီး မိမိဂုဏ်ကို အမြဲထုတ်ဖော်လေ့ရှိခြင်းမှာလည်း လူအဖွဲ့အစည်းအတွင်း ချိန်ခွင်ရှာမညီမျှမှုကို ဖန်တီးစေသည်။ ယခုကဲ့သို့ ညီညွတ်ခြင်း၏ အန္တရာယ်များဖြစ်သည့် စိတ်ယုတ်မာများကို ဦးစွာတော်လှန်မှသာလျှင် ညီညွတ်မှုကိုရမည်။ ညီညွတ်မှသာလျှင် စစ်တပ် သို့မဟုတ် စစ်တပ်၏ စနစ်ဆိုးတို့ကို တော်လှန်နိုင်မည်ဖြစ်သည်၊
လူအဖွဲ့အစည်းများအတွင်း အဖြစ်များလေ့ရှိသည့် စိတ်ဝမ်းကွဲစေတတ်သော ညီညွတ်မှုကိုပြက်ပြားစေတတ်သော အချုက်တစ်ချက်ကတော့ မစ္ဆရိယ=သ၀န်တိုခြင်း ပင်ဖြစ်ပါသည်။ စာပေများတွင် ၄င်းမစ္ဆရိယကို ငါးမျိုးခွဲပြလေ့ရှိပါသည်။
(၁) အာဝါသမစ္ဆရိယ- မိမိနေထို်င်ရာ အဆောက်အုံးတွေမှာ သူတပါးတွေ သွားလာ နေထိုင်တာကိုမနှစ်မြို့ခြင်း၊
(၂) ကုလမစ္ဆရိယ- မိမိ၏အပေါင်းဖော် ဆွေမျိုးတွေကို တစ်ပါးသူတွေနှင့် ရင်းနှီး အကျွန်းဝင်မည်ကို မလိုလားခြင်း။
(၃) လာဘမစ္ဆရိယ- ပစ္စည်းဥစ္စာ လာဘ်လာဘအပေါ်မှာ တစ်ပါးသူနှင့် မဆက်စပ်စေလိုခြင်း။
(၄) ၀ဏ္ဏမစ္ဆရိယ- မိမိထက် ရုပ်ရည်အဆင်းလှတာ မိမိထက် ကောင်းသောဂုဏ်တို့ဖြင့် ကျော်ဇောတာကို မလိုလားခြင်း။
(၅) ဓမ္မမစ္ဆရိယ- မိမိတတ်ထားသည့် အတတ်ပညာ သိထားသည့် အကြောင်းအရာတို့ကို တစ်ပါးသူတွေ မသိစေလိုခြင်း။
သူတစ်ပါး မသိစေခြင်သည်ကိုမှ သိခြင်တတ်သည်မှာ လူ၏ဓမ္မတာပင်မဟုတ်ပါလော။ တခါတရံမှာ ၄င်းဓမ္မမစ္ဆရိယမှ မိထုဘေဒနည်းသို့ ကူးပြောင်းသွားတတ်ပြီး စည်းလုံးညီညွတ်မှုကို ခြိမ်ခြောက်တတ်လေသည်။
ကနဦးတွင်တင်ပြခဲ့သည့် ၀ဿာကာရ အမတ်ကြီးသည် ဝေသာလီပြည်မှ လိစ္ဆ၀ီမင်းသားလေးများကို တစ်ယောက်ချင်းခေါ်ပြီး “မင်းအဖေ နေကောင်းလား ၊ ဒီနေ့ ဘာဟင်းနဲ့စားခဲ့သလဲ ” စသည်ဖြင့် နှစ်ကိုယ်ကြား ခေါ်မေးလေ့ရှိပါသည်။ အခြားမင်းသားလေး တစ်ယောက်ကမြင်သည့်အခါ “ဆရာက မင်းကို ဘာတွေမေးနေတာလဲ ” ဟု မေးတော့ ၀ဿာကာရ အမတ်ကြီး မေးသည့် အမေးအတိုင်း ပြန်လည်ဖြေကြားသော်လည်း မယုံနိုင်တော့ခြေ။ ဒီလိုမေးခွန်းမျိုးကို လူဘုံအလည်မှာ မေးရင်လည်းရတာပါဘဲ ဆိုသည့်အသံမျိုးတွေဖြစ်လာပါတော့သည်။
အဆိုပါ အပြုအမူနှင့် လူငယ်ချင်းဖြစ်သည့်ပြဿနာမှာ အသေးအဖွဲပါဟု မဆိုနိုင်ပါချေ၊ ကလေးအချင်းချင်း နားလည်မှုလွဲပြီး စိတ်ဝမ်ကွဲကြရာမှ စခဲ့သည့် ပြဿနာမှာ မိဘများထံ ကူးစက်ပြီး နောက်ဆုံး ဝေသာလီပြည်ကြီး ပျက်စီးရသည်အထိ ဆိုက်ရောက်ခဲ့ရပါတော့သည်။
ထို့ကြောင့် မည်သည့်ကိစ္စမျိုးကိုဆောင်ရွက်ကြသည်ဖြစ်စေ လူအဖွဲ့အစည်းဖြင့် ဆောင်ရွက်ကြသည့်အခါမျိုးတွင် ကိစ္စပြီးမြောက်အောင်မြင်ရေးအတွက် ကိုယ်ရောစိတ်ပါ ညီညွတ်ရေးသည် အထူးအရေးကြီးလှပေသည်။ ညီညွတ်မှပြီးမြောက်မည့် ကိစ္စများတွင် ညီညွတ်ရေးဟု အော်နေကာမျှဖြင့် ကိစ္စတွေဟာမပြီးမြောက်နိုင်ဘဲ ညီညွတ်ရေး၏ လမ်းကြောင်းအတိုင်း လိုက်နာဖို့အရေးကြီးသည်။ ၄င်းညီညွတ်ရေးလမ်းစဉ်ကို လိုက်ဖို့ရန် အထက်ဖော်ပြပါ အခြေခံ စိတ်ယုတ်မာများကို မိမိတို့ကိုယ်တွင်းမှ ဦးစွာတော်လှန်ပြစ်ဖို့ လိုအပ်ပါလိမ့်မည်။ အဆိုပါစိတ်ဓာတ် စိတ်ယုတ်မာများကို ပဌမတော်လှန်နိုင်မှ လူဘောင် လူအဖွဲ့အစည်းကြီးသည် ညီညွတ်မှုကို ရရှိနိုင်မည်ဖြစ်သည်။ ထိုလူဘောင် လူအဖွဲ့အစည်း ညီညွတ်ပါမှ ကြာမြင့်စွာ အမြစ်တွယ်နေပြီဖြစ်သော စစ်တပ် စစ်အာဏာရှင်စနစ်ဆိုးကြီးကို တော်လှန်နိုင်ကြမည်ဖြစ်သည်။

အရှင်ဥက္ကဋ္ဌ (MSMA)


ဖက်ဆစ်လက်သစ်များအတွက်

သန်း(၅၀)ကျော်လူထုဟာ
ရွှေရောင်အနာဂတ်အတွက် မျှော်လင့်နေတာ
မောင် မောင်ခေါ်တုန်း ဗျာထူးဖို့
အေး ချမ်းစွာမျှော်လင့်နေတာ
ရွှေရောင်လွှမ်းတဲ့ တိုင်းပြည်ဖြစ်ဖို့
မန်းမှုတ်လို့ရရင် မှုတ်ချင်ပါရဲ့`

မြင့်မားခဲ့တဲ့မြန်မာပြည်
ဆွေစဉ်မျိုးဆက် ဒို့တစ်သက်
ခွေးဖက်ဆစ်လက်တဆုတ်စာ တစ်စုကြောင့်
စိတ်ရင်းစေတနာ အရိုးခံနဲ့ဒို့ပြည်သူနဲ့ဒို့နောင်တော်တွေ
ဓါတ်စာကျွေးသလို စတေးပေးခဲ့ရတာ--
ခြင်းအတူတူပဲမို့
တစ်ခွန်းထဲသောစကားပြောလိုက်မယ်
မင်းတို့စစ်အာဏာရှင်လက်တဆုတ်စာ တစု
အလှည့်ကျရင် မနွဲ့ကြနဲ့။
ဒို့ပြည်သူတွေ ဒဏ်ခတ်မယ်
သန်းရွှေအပါအ၀င် နောက်လိုက်တစ်သိုက်
သတိသာထားနေကြပေတော့။

....လူထုတရပ်လုံးအတွက် စတေးခံ
အ ကောင်း ဆုံး မြေ သြ ဇာ(BM-1)

Popular Posts