Contact Form

Name

Email *

Message *

 

Tuesday, June 10, 2008

ဗြဟ္မစိုရ်တရားနှင့် ယနေ့မြန်မာပြည်


ယနေ့မြန်မာပြည်သူတွေ ကြားသိနေကြရတဲ့ ဗြဟ္မစိုရ်တရားဆိုတာဟာ ဗြဟ္မစရိယ ဆိုတဲ့ ပါဠိကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဗြဟ္မ၀ိဟာရ တရားလို့လည်း ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဗြဟ္မာကြီးတွေ ကျင့်သုံးနေထိုင်တဲ့ တရား၊ တနည်းအားဖြင့် ဗြဟ္မာပြည်ကို တက်လှမ်းလိုသူတွေ အသုံးပြုရမည့် စောင်းတန်း လှေကားတွေလည်းဖြစ်ပါတယ်။ အဲဒီ ဗြဟ္မစရိယတရား (၄) ပါးကိုပဲ သတ္တ၀ါအားလုံးရဲ့ အပေါ်မှာ ခွဲခြားဆက်ဆံမှုမရှိတဲ့ အပ္ပမညာတရားလို့လည်း ခေါ်ပါသေးတယ်။

ဒီနေရာမှာ ဗြဟ္မာလို့ဆိုလိုက်ရင် အဆင့်အတန်းမြင့်တဲ့ နတ်ဗြဟ္မာတွေကိုသာ ပြေးပြီး မြင်တတ်ကြတာကတော့ ဓမ္မတာပါပဲ။ ဒါပေမယ့် လူသားစင်စစ် ဖြစ်လျက်နဲ့ ဗြဟ္မာအမည်ရထိုက်သူတွေလည်း ရှိပါသေးတယ်။ အဲဒီသူတွေကတော့ မိဘနှစ်ပါး ပါပဲ။ မိဘနှစ်ပါးဟာ သားသမီးတွေရဲ့ အပေါ်မှာ ဗြဟ္မာစိုရ်တရားတွေ လွှမ်းခြုံနေတာဖြစ်လို့ ဗြဟ္မာလို့ ခေါ်ဆိုနိုင်တာပါ။ မိဘတွေဟာ သားသမီးနဲ့ ပတ်သတ်လာရင် ဗြဟ္မစိုရ်ဓါတ် အကိန်းဝပ်ဆုံးသူတွေလို့ဘဲ ဆိုရမှာပါ။ အဲဒီ ဗြဟ္မစိုရ်ဓါတ် ကိန်းဝပ်နေတဲ့ မိဘတွေကိုသာ မိဘစစ် မိဘမှန်လို့ ခေါ်ဆိုရလိမ့်မယ်ထင်ပါတယ်။ ဒါပေမယ့် ယနေ့ မြန်မာနိုင်ငံမှာ မိမိကိုယ်မိမိ မိဘ အမည်ခံနေသူတွေရှိနေပါတယ်။ အဲဒီသူတွေကတော့ "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" လို့ ကြွေးကြော်နေတဲ့ လက်ရှိ စစ်အာဏာရှင် အစိုးရပါပဲ။ ဒါကြောင့်မို့ ဒီစစ်အစိုးရမှာ မိဘအမည်ခံထိုက်တဲ့တရား၊ ဗြဟ္မစိုရ်တရား တကယ်ရှိပါသလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။

တစ်ခါတုန်းက စားရေးသူဟာ တပ်မတော် အငြိမ်းစား ဗိုလ်ကြီးဟောင်း တစ်ယောက်နှင့်အတူ သူ့ရဲ့တစ်ချိန်က တပ်ထဲမှာ ဆရာကြီးဖြစ်ခဲ့ဖူးသူထံ ကိစ္စတစ်ခုနဲ့ ရောက်သွားခဲ့ပါတယ်။ အသက်အရွယ်အားဖြင့်တော့ (၈၀) ကျော်အရွယ်မှာရှိပါတယ်။ ယခုလက်ရှိ နအဖ ထိပ်ပိုင်းခေါင်းဆောင် တော်တော် များများကို တပ်ထဲမှာ တစ်ချိန်က ပညာသင်ပေးခဲ့ဘူးသူလည်း ဖြစ်ပါတယ်။ တွေ့တာနဲ့ အလ္လာပသလ္လာပြောကြားရင်း အတူပါလာတဲ့ ဗိုလ်ကြီးဟောင်းက သူ့ဆရာ အဘိုးကြီးကို အခုလိုစပြောပါတယ် "ဆရာရယ် အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံလောက် ဗြဟ္မစိုရ်တရား ကင်းမဲ့တဲ့နိုင်ငံ ဘယ်မှာမှ ရှိမယ်မထင်ပါဘူးဗျာ၊ လူတွေလည်း ဒုက္ခမျိုးစုံနဲ့ တွေ့ကြုံရင်ဆိုင်နေကြရတယ်" လို့ပြောတော့ အဖိုးကြီးဟာ မျက်နှာတွေ နီရဲလာပြီး "ငါတို့နိုင်ငံလောက် ဗြဟ္မစိုရ် တရားရှိတဲ့နိုင်ငံ မင်းဘယ်မှာမြင်ဖူးလဲ၊ အခုတိုင်းပြည်ဆင်းရဲနေတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတွေကြောင့်" စသည်ဖြင့် နောက်ဆုံးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်ကျိုးငယ်နာပါမကျန် ဒေါနဲ့မောနဲ့ပြောတော့တာပါပဲ။ ဗိုလ်ကြီးဟောင်းကတော့ လက်ရှိတွေ့ကြုံနေရတဲ့ ပကတိအခြေအနေကို ကျေးဇူးခံ ကျေးဇူးစားဆိုတဲ့ အနှောင်အဖွဲ့ကင်းကင်းနဲ့ ပြောလိုက်တယ်ထင်ပါတယ်။ စာရေးသူဟာ တပည့်ဆရာနှစ်ယောက် ငြင်းခုံနေတဲ့ကြားထဲမှာ ဘာမှမပြောပဲ နားထောင်နေရင်း ဗြဟ္မစိုရ်တရား အရှိဆုံးပါလို့ ပြောခဲ့တဲ့ အဘိုးကြီးရဲ့ ဗြဟ္မစိုရ်ဓာတ် ခန်းခြောက်နေတဲ့ မျက်နှာကို သတိထားမိလိုက်ပါတယ်။

ခဏအကြာမှာတော့ စားရေးသူနဲ့ တပ်မတော်ဗိုလ်ကြီးဟောင်းတို့ဟာ အဖိုးကြီးအိမ်ကထွက်ခဲ့ကြပြီး အိမ်အပြန်လမ်း အရောက်မှာတော့ တပ်မတော်ဗိုလ်ကြီးဟောင်းက စာရေးသူကို အခုလိုပြောပါတယ် "ဆရာရဲ့သမီးတွေက မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆရာဝန်တွေဆိုတော့ ကျေးဇူးခံ ကျေးဇူးစားတွေဖြစ်နေတဲ့အတွက် အခုလို စစ်အာဏာပိုင်တွေဖက်က ကာကွယ်ပြောတာ ဖြစ်နိုင်ပါတယ်" လို့ပြော ပြပါတယ်။ တကယ့်တော့ အဲဒီအဘိုးကြီးဟာ ဗြဟ္မစိုရ်တရားဆိုတာကို ကျေးဇူးခံ ကျေးဇူးစားဆိုတဲ့ အတိုင်းအတာနဲ့ တန်ဖိုးဖြတ်လိုက်တာပါပဲ။

ဒါကြောင့် ယနေ့မြန်မာနိုင်ငံမှာ "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" လို့ ကြေငြာနေကြတဲ့သူတွေ တကယ်ဘဲ ဗြဟ္မစရိယ အင်္ဂါရပ်တွေနဲ့ ညီညွတ်ပါရဲ့လား ဆိုတာကို အင်္ဂါရပ်တစ်ခုချင်း နှိုင်းယှဉ်ကြည့်ချင်ပါတယ်။
ပဌမအင်္ဂါရပ်ကတော့ မေတ္တာပါပဲ၊ မေတ္တာဆိုတာဟာ ဒေါသရဲ့ဆန့်ကျင်ဘက် အဒေါသဖြစ်ပါတယ်။ လူသားတွေရဲ့ စိတ်နှလုံးကို နူးညံ့စေနိုင်တဲ့တရားပါ။ ကွဲပြားခြားနားလှတဲ့ ဘာသာ အယူဝါဒတွေထဲက တူညီတဲ့ တရားတခုကိုပြပါဆိုရင် မေတ္တာလို့ပဲ ပြောရမှာဖြစ်ပါတယ်။ လူတန်းစား လူအလွှာမခွဲခြားဘဲ လူသားအားလုံးရဲ့ အကျိုးစီးပွါးကိုလိုလားတဲ့ အပ္ပမညတရားတစ်ပါးလဲ ဖြစ်ပါတယ်။ ဒါကြောင့် မေတ္တာဆိုတာဟာ ရာဂ တဏှာနှင့် ရောနှောတဲ့ ချစ်ခြင်းမဟုတ်သလို နိုင်ငံရေး၊ လူမျိုးရေး၊ အမျိုးသားရေး၊ ဘာသာရေးညီအကို မောင်နှမစိတ်ဓါတ်မျိုးလည်း မဟုတ်ပါဘူး။ နိုင်ငံရေး၊ လူမျိုးရေး စတဲ့ ညီအကိုမောင်နှမ စိတ်ဓါတ်ဆိုတာဟာ နိုင်ငံရေးအယူ အဆတူသူ၊ လူမျိုးတူသူတို့ရဲ့ ညီအကိုမောင်နှမစိတ်ဓာတ်ဖြစ်လို့ စစ်မှန်တဲ့ မေတ္တာလို့ မခေါ်နိုင်ပါဘူး၊ ကျဉ်းမြောင်းလှတဲ့ လူမျိုးချစ်စိတ်မျှသာဖြစ်ပါတယ်။

မေတ္တာတရားဆိုတာဟာ အကန့်သတ်မရှိ သတ္တ၀ါအားလုံးရဲ့အပေါ်မှာ မိမိနဲ့တန်းတူ အကျိုးခံစားစေလိုတဲ့ စိတ်ဓါတ်မျိုးကိုပြောတာပါ။ ဥပမာအားဖြင့်ဆိုရရင် သားတစ်ယောက်တည်းရှိတဲ့ မိခင်ဟာ အဲဒီတစ်ဦးတည်းသော သားကို မိမိရဲ့အသက်နဲ့ ထပ်တူချစ်တဲ့စိတ်မျိုးပါပဲ။ အထက်ဖော်ပြပါ မေတ္တာရဲ့ အင်္ဂါရပ်တွေကို ကြည့်သောအားဖြင့် ယနေ့မြန်မာနိုင်ငံမှာ သူတို့မိသားစု ကောင်းစားရေးအတွက် သူတို့ဘက်က ရပ်တည်ပေးသူတွေအတွက်ကိုသာ ဦးစားပေးနေတဲ့ စစ်အာဏာပိုင်တွေရဲ့ "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဆိုတဲ့စကားဟာ လက်တွေ့အခြေအနေနဲ့ မကိုက်ညီတဲ့ လက်တွေ့မကျတဲ့ စိတ်ကူးနဲ့ ရူးနေကြသူများသာဖြစ်ပါလိမ့်မယ်။

ဒုတိယအင်္ဂါရပ်ကတော့ သက်ရှိသတ္တ၀ါအားလုံးရဲ့ အပေါ်မှာ ရက်စက်ကြမ်း ကြုတ်ခြင်း ဟိ”သနာတရားရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သနားကြင်နာခြင်း ကရုဏာ ပဲဖြစ်ပါတယ်။ ကရုဏာဆိုတာဟာ ဆင်းရဲဒုက္ခကြုံတွေ့နေကြရတဲ့ သတ္တ၀ါ အားလုံးရဲ့အပေါ်မှာ သနားကြင်နာမှုဖြစ်တာကို ကရုဏာလို့ခေါ်တာပါ။ မိမိရဲ့ ဆွေမျိုးအသိုင်းအ၀န်းစတဲ့ ကျဉ်းမြောင်းတဲ့ အုပ်စုလေးတစ်ခုရဲ့ ဒုက္ခဆင်းရဲတွေကိုသာ သနားကြင်နာမှုဖြစ်တာမျိုးကို ကရုဏာအစစ်ရယ်လို့ မခေါ်နိုင်ပါဘူး။

ယခုလက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ နအဖ စစ်အုပ်စုနဲ့ အပေါင်းပါ တစ်စုဟာ မိမိတို့ရဲ့ကိုယ်ပိုင် လူ့အခွင့်အရေးအတွက် ရုန်းကန်လှုပ်ရှားနေသူတွေ ကို ဖမ်းဆီး အကျဉ်းချပြီး လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ပြုမူဆက်ဆံနေတာတွေဟာ သနားကရုဏာကင်းမဲ့တဲ့ ရက်စက်ကြမ်းကြုတ်ခြင်း ဟိသနာတရားရဲ့ သင်္ကေတ ပြယုတ်တွေဘဲဖြစ်ပါတယ်။ စစ်ဘီလူးတွေရဲ့ လက်တွင်း ကျရောက်ရမှာကို စိုးရိမ်လို့ ရှောင်တိမ်းနေကြရင်း လူမမယ် ကလေးငယ်မိခင်တွေရဲ့ သားသမီးတွေနဲ့ ကွေကွင်းနေကြရခြင်း ဒုက္ခဝေဒနာကြောင့် ထွက်ပေါ်လာတဲ့ သောကအသံလှိုင်းတွေ၊ မိဘဆွေမျိုးသားချင်းတွေနဲ့ သေကွဲ ရှင်ကွဲဖြစ်နေကြရာက ပွင့်ထွက်လာတဲ့ ပရိဒေ၀ အပူလှိုင်းလုံးသံတွေ ဘ၀ဂ်မှာညံနေတာတွေကို အကြင်နာကင်းမဲ့တဲ့ နှလုံးသားပိုင်ရှင် စစ်အာဏာပိုင် ပုဂ္ဂိုလ်တွေနဲ့ မိသားစုအပေါင်းပါတွေက သူတို့ကို ဘုရင်အဖြစ် ဘိသိတ်သွန်းလောင်းတဲ့ အောင်ဇေယျတု ခရုသင်းမှုတ်သံတွေလို့များ ထင်မှတ်နေကြရောသလားပါဘဲ။ အခုလို ရက်စက်မှုသရဖူကို ဘုရင်စိတ်အရူးထပြီး ထီးဖြူအဖြစ်ဆောင်းထားသူတွေက မိဘအမည်ခံထားတာကတော့ ဘုရားဟောဇာတ်နိပါတ်တော်တွေထဲက သူကလေးပါဆိုပြီး လုယူတဲ့ ဘီလူးမရဲ့ ဆွေမျိုးလက်ကျန်တွေလို့ပင် ပြောရမလိုဖြစ်နေပါပြီ။

တတိယမြောက်ဖြစ်တဲ့ ဗြဟ္မစိုရ်တရားကတော့ တစ်ပါးသူတိုးတက်ကြီးပွါးတာ၊ အောင်မြင်နေတာတွေကို မနာလို မရှုစိတ် ဣဿာရဲ့ ဆန့်ကျင်ဘက် မုဒိတာဖြစ်ပါတယ်။ မုဒိတာဆိုတာဟာ သူတစ်ပါးတိုးတက်ကြီးပွါးတာ အခြံအရံ ပေါများတာစတဲ့ အောင်မြင်မှုတွေကို ၀မ်းမြောက်ကျေနပ်တဲ့ စိတ်မျိုးကိုခေါ်တာ ပါ။ မိခင်တစ်ယောက်က စကားပြောတတ်စအရွယ် မိမိရင်သွေးငယ်ကလေးရဲ့ တီတီတာတာ စကားပြောသံလေးတွေ၊ အတုမြင် အတတ်သင်တတ်တဲ့ အမူအရာလေးတွေကို ကြည့်ပြီး ရင်ထဲမှာ မုဒိတာစိတ်တွေနဲ့ ပြည့်နေတဲ့စိတ်နဲ့ တူတဲ့ ခံစားချက်မျိုးကို ဆိုလိုတာပါ။

ဒါပေမယ့် "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" လို့ပြောနေတဲ့ စစ်အုပ်စုကတော့ ဘယ်အဖွဲ့အစည်းကိုမသွားရ၊ မပူးပေါင်းရစသည်ဖြင့် ကန့်သတ်ပြီး ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေရဲ့ တိုးတက်မှုတွေကို မနာလို မရှုစိတ်တွေနဲ့ ဘုရားတက်ဆုတောင်းတာကိုတောင်ပဲ အနှောင့်အယှက်ပေးနေ လေတော့ မုဒိတာစိတ်ကိန်းဝပ်ဖို့ဆိုတာ မဆိုထားနဲ့ မုဒိတာရဲ့ အဓိပ္ပါယ်ကိုပင် နားလည်ပုံမပေါ်ပါဘူး၊ နောက်ဆုံး သူတစ်ပါး အလှူဒါနကို သာဓုခေါ်ပြီး မုဒိတာပွါးရမည့်အစား ဘုန်းကြီးများကိုပင် ဘယ်အဖွဲ့အစည်းကလှူတဲ့ အလှူဒါနကို လက်မခံရဘူးစသည်ဖြင့် ပိတ်ပင်နေလေတော့ နအဖ စစ်အုပ်စု သေရင် သာဓုမခေါ်နိုင်တဲ့ မကျွတ်မလွတ်နိုင်တဲ့ ပြိတ္တာတစ်မျိုးမျိုး ဖြစ်မှာကတော့ အသေချာပါပဲ။ အဲဒါကြောင့် နအဖ စစ်အုပ်စုကို တိုက်တွန်းချင်တာကတော့ သေပြီးတဲ့နောက် တကယ်လို့သာဓုခေါ်နိုင်တဲ့ အဆင့်ကိုများရခဲ့ရင် ကျန်ရစ်တဲ့ မိသားစုကပြုလုပ်တဲ့ အလှူဒါနကို သာဓုခေါ်နိုင်ဖို့ မသေခင်ကတည်းက မုဒိတာ စိတ် ပွါးတတ်အောင် လေ့ကျင့်ထားကြဖို့ပဲ။

စတုတ္ထမြောက်ဖြစ်တဲ့ ဗြဟ္မစရိယတရားကတော့ ဥပေက္ခာဆိုတဲ့ ဗြဟ္မစရိယဖြစ် ပါတယ်။ အဲဒီ ဥပေက္ခာဆိုတဲ့ ဗြဟ္မစရိယတရားဟာ အင်မတန်အဆင့်အတန်းမြင့် တဲ့ တရားပါ။ စိတ်ဓာတ်လေ့ကျင့်မှု ကြံ့ခိုင်မှုမရှိသူတွေအတွက်တော့ ဥပေက္ခာ စိတ်ကိုပွါးများဖို့ဆိုတာ ခဲယဉ်းပါလိမ့်မယ်။ ယနေ့ လူအများစုပြောဆိုလေ့ရှိတဲ့ ပြောဆိုဆုံးမတာကို နားမထောင်လို့ ဒီကလေးကို ဥပေက္ခာပြုထားလိုက်တယ် ဆိုတာဟာ ဒေါသစိတ် အခြေခံနေတာမို့ ဥပေက္ခာဗြဟ္မစရိယလို့ မခေါ်နိုင်ပါဘူး။ ဥက္ခောဗြဟ္မစရိယဆိုတာဟာ ကောင်းတဲ့လောကဓံ တရားတွေကို ခံစားရချိန်မှာ လွန်ကဲစွာနှက်သက်မှုမရှိ၊ မကောင်းတဲ့ လောကဓံတရားတွေနဲ့ ရင်ဆိုင်ရချိန်မှာ လည်း မကျေနပ်မှု ဒေါသမဖြစ်ဘဲ အလယ်အလတ်လမ်းစဉ်နဲ့ သင့်တင့်စွာနှလုံး သွင်းပြီးတော့နေတာကို ဆိုလိုတာပါ။ ဥပမာအားဖြင့်တော့ သားသမီးတွေအရွယ် ရောက်လို့ အိမ်ထောင်ကိုယ်စီကျသွားကြတဲ့အခါ မိဘတွေအနေနဲ့ ဒေါသစိတ်နဲ့ စွန့်လွှတ်လိုက်တာမျိုးမဟုတ်ဘဲ၊ သူတို့အချိန်တန်လို့ ခွဲခွါသွားကြတာပဲဆိုတဲ့ ယောနိသောမနသိကာရ အသင့်အတင့်နှလုံးသွင်းမှု အခြေခံတဲ့ စိတ်ဓါတ်မျိုးကို ဆိုလိုတာပါ။ ငါတို့ရဲ့ ကောင်းကြောင်းတွေကို ရေးမယ်၊ ငါတို့လုပ်တာတွေကို ထောက်ခံပြောဆိုမယ်ဆိုရင် အခွင့်အရေးပိုပေးလိုက်မယ်၊ အဲဒီလိုမှ မဟုတ်ဘဲ ငါတို့ကို ဆန့်ကျင်ရေးသားပြောဆိုရင် အတိုက်ခံလုပ်ရင်တော့ ငါတို့ရဲ့ ရန်သူဘဲလို့ သတ်မှတ်ပြီး ကြီးလေးတဲ့ပြစ်ဒဏ်တွေကို ချမှတ်မယ်၊ ရပိုင်ခွင့် လုပ်ပိုင်ခွင့်တွေကို ပိတ်ပင်လိုက်မယ်ဆိုတဲ့ ယခုလက်ရှိကျင့်သုံးနေတဲ့ အာဏာရှင်စစ်အုပ်စုတွေရဲ့ လုပ်ရပ်တွေဟာ ဥပေက္ခာဆိုတဲ့ ဗြဟ္မစရိယနဲ့ လုံးဝဆန့်ကျင်နေတယ်ဆိုတာကို တွေ့မြင်ကြရမှာပါ။

ဒါကြောင့် "တပ်မတော်သာ အမိ တပ်မတော်သာ အဖ" လို့ကြုံးဝါးနေတဲ့ နအဖစစ်အုပ်စုရဲ့ မိဘဆိုတဲ့ အတိုင်းအတာဟာ ဘယ်ဗြဟ္မစရိယပေတံနဲ့ တိုင်းတာမလဲဆိုတာကို မေးရပါလိမ့်မယ်။ တကယ်လို့ နအဖ စစ်အုပ်စုအနေနဲ့ ဗြဟ္မစိုရ်တရား အခြေခံတဲ့ မိဘစိတ်ရှိခဲ့ပါရင် မိဘတိုင်းဟာ သားသမီးတွေရဲ့ အကျိုးစီးပွါးအတွက် ဘယ်သူနဲ့မဆို ညှိနှိုင်းဆွေးနွေးနိုင်ကြသလို တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွါးအတွက် မည်သူနဲ့မဆို စစ်မှန်တဲ့တွေ့ဆုံ ဆွေးနွေး အဖြေရှာမှုမျိုးကို လုပ်နိုင်ရမှာပေါ့။ အခုတော့ တိုင်းပြည်ရဲ့ ရေရှည်အကျိုးစီးပွါးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရမည့်အစား နိုင်ငံရေးသမား အများစုကို ပြန်ပေးဆွဲပြီး သူတို့အာဏာထိုင်ခုံမြဲရေးအတွက် အာထုပ်နေလေတော့ ပြည်သူလူထုကြီးကတော့ နအဖဆိုတဲ့ ဒုက္ခသံသရာထဲမှာ တ၀ဲလည်လည်နဲ့ နေရဦးမယ့်ပုံပါဘဲ။

နအဖ စစ်အုပ်စုရဲ့ စနစ်ဆိုးကြောင့် ပြည်သူအများစုအတွင်းမှာလည်း ဆင်းရဲမွဲတေမှုတွေနဲ့ ရင်ဆိုင်နေကြရပြီး အကျိုးဆက်အနေနဲ့ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးလာနေတွေကို တွေ့နေကြရပါတယ်။ နအဖစစ်အုပ်စုက ထောက်ခံအသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းရဲ့ သင်္ကေတအမှတ်တံဆိတ် ၀တ်စုံလေး ၀တ်လိုက်တာနဲ့ပဲ အာဏာရှင်စိတ်တွေဝင်လာပြီး ပြည်သူအချင်းချင်း ကြီးနိုင် ငယ်ညှင်းစနစ်မျိုးတွေ ထွန်းကားလာနေတာကြောင့် နအဖ စစ်အုပ်စု သက်တမ်းရှည်လေ မြန်မာပြည်သူတွေရဲ့ နှလုံးသားမှ ဗြဟ္မစိုရ်တရားတွေ ကင်းပျောက်လေ ဖြစ်နေဦးမှာကတော့ အသေအချာပါပဲ။ လူတိုင်းကိုယ်စီမှာ ဗြဟ္မစိုရ် တရားတွေသာ ကင်းပျောက်သွားခဲ့ရင်တော့ မြန်မာပြည်ရဲ့ အနာဂါတ်ဟာ မတွေးဝံ့စရာပါ။

အဲဒါကြောင့် နောက်ဆုံးအနေနဲ့ တိုက်တွန်းခြင်တာကတော့ ဗြဟ္မစိုရ်တရားရဲ့ အဓိပ္ပါယ်ကို သိနားလည်အောင်လုပ်ပြီး လက်တွေ့ကျင့်သုံးကြဖို့နဲ့ ကျင့်သုံးတဲ့အတိုင်း ဗြဟ္မစိုရ် စိတ်ဓာတ်တွေ လူတိုင်းကိုယ်စီမှာ ကိန်းဝပ်ကြပါစေ ကြောင်း ဆန္ဒပြုရင်း ဒီဆောင်းပါးကို ဤမျှနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေ။


ဗြဟ္မစိုရ်ဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်ဝ် . . . . . . . . ..

သောတုဇန ဘိက္ခု

No comments:

Popular Posts